၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၅ရက်က လွှတ်တော်ကိုယ်စားလှယ် (၂၂) ဦး ပါ၀င်ဆွေးနွေးခဲ့ကြရာ ပွင့်ဖြူမြို့နယ်မှ ကိုယ်စားလှယ် ဒေါက်တာအောင်မိုး ညိုကလည်း တပ်မတော်အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဆွေးနွေးရာတွင် လယ်ယာမြေ သိမ်းဆည်းခံရသူများ၏ လျော်ကြေးကိစ္စ တပ်မတော်အထည်စက်ရုံများအတွက် ကုန်ကြမ်းစိုက်ပျိုး သည့် တပ်မတော်၏ ဝါစိုက်ပျိုးရေးတပ်နှင့် တပ်မတော်သားများ မိသားစုဝင်များ သက်သာချောင်ချိရေး အတွက် ဆောင်ရွက်ပေး လျက်ရှိသည့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် တို့အား သတင်းမှန်သိရှိခြင်း မရှိဘဲ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးပြောဆိုခဲ့၍ ယခုကဲ့သို့ ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ၍ နာယကထံ ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကန့်ကွက်လွှာ၌ ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ကန့်ကွက်ပါကြောင်းနှင့် ဒေါက်တာအောင်မိုးညို ဆွေးနွေးခဲ့သည့် ကာကွယ်ရေး အခန်းကဏ္ဍနဲ့ ပတ်သက်သည့် ဆွေးနွေးချက်တွေကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။
အဆိုပါ ကန့်ကွက်လွှာကို လွှတ်တော်နာယက က ဇန်နဝါရီလ(၁၈) ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖတ်ကြားခဲ့ပြီးနောက် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပါကြောင်း ကြေညာခဲ့သည်။
“သူတို့က တပ်မတော်ရဲ့ သိက္ခာကို ထိခိုက်စေလို့မို့လို့ အသုံးအနှုန်းလေးပြင်းထန်တာလေးကို ပြင်ပေးပါတဲ့။ ဒီလွှတ်တော်မှတ် တမ်းမှာ ပါမှာစိုးလို့ပေါ့လေ၊ လွှတ်တော်မှတ်တမ်းဆိုတာ စာအုပ်ကြီးတွေ ပေးတာပေါ့၊ ကျွန်တော် သဘောတူလိုက်ပါတယ်၊ ဘာမှမဖြစ်ပါဘူး" ဟု အဆိုကို မှတ်တမ်းမှ ပယ်ဖျက်ခံရသည့် ဒေါက်တာအောင်မိုးညိုက ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ ပေးပို့သည့် ကန့်ကွက်လွှာ၌ ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များသည် အဖွဲ့အအစည်းတစ်ခု၏ ဂုဏ်ကို ထိခိုက်စေသော ဆွေးနွေးမှုပါရှိကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ ၆၃(က)ကို ဖောက်ဖျက်ကြောင်းလည်း ကန့်ကွက်လွှာ၌ ပါရှိသည်။







