တအာင်းတပ် နှင့် RCSS၊ တပ်မတော် ပူးပေါင်းတပ် တိုက်ပွဲဖြစ်ကာ တအာင်းတပ် ၁ဦးကျဟုဆို

တအာင်းတပ် နှင့် RCSS၊ တပ်မတော် ပူးပေါင်းတပ် တိုက်ပွဲဖြစ်ကာ တအာင်းတပ် ၁ဦးကျဟုဆို
by -
မဇ္စျိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရ စစ်တပ်တို့ ပူးပေါင်းတပ် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ကာ တအာင်းတပ်ဘက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာတွင် ဇန်နဝါရီလ ၁၇ ရက် နံနက် ၆ နာရီကျော်မှ မွန်လွဲ ၂ နာရီထိ RCSS တပ်နှင့် တအာင်းတပ်တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သဖြင့် ၎င်းတို့ဘက်က ၁ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“မနက် ၆ နာရီကျော်ကနေ ညနေ ၂ နာရီထိ ဖြစ်တယ်။ ၈ နာရီမတိုင်ခင်ကတော့ RCSS နဲ့ဖြစ်တယ်။ ကျနော်တို့နေတဲ့ဘက် ကို ရောက်လာတယ်။ အဲဒီနောက်ပိုင်းက အစိုးရစစ်တပ်က လာပြီး စစ်ကူပေးတယ်။ ။ အစိုးရဘက်က လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပစ်တယ်”ဟု TNLA မှ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်။

တိုက်ပွဲတွင် မြန်မာ့တပ်မတော် တပ်မ ရ၇ မှ RCSS တပ်ကို် လာရောက် စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မွန်းလွဲ ၁ နာရီချိန် မိုင်းငေါ့မြို့နယ်ခွဲဖက်မှ လွယ်ပိုက်ကျေးရွာအနီးတွင် စစ်ကူလာပေးသော မြန်မာ့တပ်မတော် တပ်မ ရ၇ မှ RCSS တပ်နှင့် တအာင်းတပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း RCSS ဘက်မှ ကျဆုံးမှုများ ရှိသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း သူက ဆိုသည်။

တိုက်ပွဲအတွင်း အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အနီးအနားရှိ ဒေသခံ ရွာသား ၃၀၀ ကျော် အနီးအနားရှိ ကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မိုင်အိုက်ကျော်က ပြောသည်။

NCA လက်မှတ်မထိုးသေးသော TNLA အား NCA လက်မှတ်ရေးထိုးထားသော RCSS က အစိုးရ တပ်နှင့် ပူးပေါင်း၍ တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“RCSS က ကျနော်တို့နယ်မြေကို ကျူးကျော်ပြီးတော့ ရောက်လာတယ်။ ကျနော်တို့နယ်မြေ လာလုလာတာလည်း ပါတယ်။ အစိုးရ စစ်တပ်နဲ့ ပေါင်းပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတယ်။ ဆိုတော့ အန်စီအေ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ ပေါင်းပြီးတော့ မထိုးတဲ့အဖွဲ့ကို တိုက်တဲ့သဘောတွေ့ရတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားသော နေရာတွင် ယခင်က RCSS တပ်များ လှုပ်ရှားခြင်း မရှိသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ဒုတိယ ပတ်မှစတင်၍ TNLA လှုပ်ရှားနေသော နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ RCSS ဘက်မှ ဆက်လက် ထိုးစစ်ဆင်လာပါက တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေပြီး စစ်ရေးတင်း မာနေဆဲ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း RCSS နှင့် TNLA တို့အကြား နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသတွင် ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ တိုက်ပွဲ အကြိမ်ပေါင်း ၄ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု မိုင်အိုက်ကျော်က ပြောသည်။

ဇန်နဝါရီလအတွင်း အစိုးရစစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲပေါင်း ၁၅ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...