"အဲဒီအဖွဲ့က ကချင်ပြည်နယ်ထဲက ရှိတဲ့သူတွေလည်း မဟုတ်ဘူး။ သူတို့ ကချင်ဘာသာနဲ့ ထုတ်တာကလည်း ကချင်လို့ မသုံးထားဘူး။ ဂျိမ်းဖောလို့ပဲ သုံးထားတာ။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ထုတ်တာတွေ့တယ်။ အဲဒီထဲက လူတွေကိုလည်း ကချင်ကလူတွေ တစ်ယောက်ကမှ မသိဘူး။ အပြင်လူတွေ လုပ်ချင်တာလုပ်တာ။ အထဲက ကချင်တွေကို ထိခိုက်တယ်။" ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက ဇန်နဝါရီ ၁၅ရက်တွင် မဇ္ဈိမကိုပြောသည်။
ထိုင်းနှင့် တရုတ်နယ်စပ်တွင် အခြေစိုက်ကာ KRP ကို ထူထောင်ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံတော် ထူထောင်သွားမည်ဟုဆို ကာ ထုတ်ပြန်ချက်တစ်ခုကို ယင်းပါတီထူထောင်နိုင်ရေး ပြင်ဆင်နေသည့် အဖွဲ့အစည်းက ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။
“၂၀၁၃၊ ၂၀၁၄ နောက်ပိုင်းမှာ KIO က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တောင်းဆိုတယ်ဆိုပြီး ပြန်သုံးစွဲလာတာ တွေ့ရတယ်။ အရင်ကပြောဆိုနေတဲ့ ပန်းတိုင်က ပျောက်သွားတယ်၊ ဒါကြာင့် ကျနော်တို့က သီးခြားလွတ်လပ်တဲ့ နိုင်ငံတော်ကို တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်လို့ ဒီပါတီဖွဲ့စည်းကြောင်းကို ထုတ်ဖော်လိုက်တာဖြစ်တယ်။” ဟု ဦးလရှီးယောနက မဇ္ဈိမကိုပြောထားသည်။
တပ်မတော်အစိုးရက ဦးစီးကျင်းပခဲ့သည့် ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်ခဲ့ဖူးသည့် KIO ကချင် လွတ်မြောက်ရေးအဖွဲ့ နယ်ခြားစောင့်တပ်ကို လက်ခံခဲ့ပါက KRP ကို ဖွဲ့စည်းရန် စတင်ပြင်ဆင်ခဲ့ပြီး KIO က ငြင်းဆန်ခဲ့သဖြင့် ယင်းအစီအစဉ်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၂၀၁၃၊ ၁၄ နောက်ပိုင်းတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ဆိုသဖြင့် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါထုတ်ပြန်ချက်မှာ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သည့် အကြောင်းအရာဖြစ်ပြီး ယင်းထုတ်ပြန်ချက်နှင့်ပတ် သက်ပြီး ပြည်တွင်း ကချင်အဖွဲ့အစည်းအားလုံးက အဖွဲ့ဖွဲ့စည်းမည့်သူများကို သိရှိမှုမရှိသည့်အပြင် မည်သည့်နိုင်ငံတွင် အခြေစိုက်နေသည်ကိုလည်း မသိရှိကြကြောင်း ဒေါ်ခွန်ဂျာကပြောသည်။
ကချင်တိုင်းရင်းသားအများစုက ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံအပြင် အခြားသောနိုင်ငံ အနှံ့အပြားတွင်လည်း ပျ့ံနှံ့နေထိုင်လျက် လည်း ရှိသည်။
သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း "အသွင်ကူးပြောင်းစ မြန်မာ့ဒီမိုကရေစီ မြန်မာ့နွေဦးကို တစ်စစီ ကျိုးပျက်သွားစေနိုင်တဲ့ ကြိုးပမ်းအားထုတ်မှု တစ်ရပ်လို့ပဲ မြင်ပါတယ်။ သမိုင်းဆိုတာ နောက်ထပ် ထပ်မမှားအောင် သင်ခန်းစာယူဖို့ ဖြစ်ပါတယ်။ သမိုင်းဆိုတာ တစ်ပတ်လည်အောင် ပုံတူကူးလမ်းကြောင်းတူ လျှောက်လှမ်းဖို့ မဟုတ်ဘူး" ဟု KRP ဆိုသည့်အဖွဲ့ ဖွဲ့စည်းရေးပြင်ဆင်နေခြင်းအပေါ် ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။
ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ရေး ကတိကဝတ် သဘောတူညီချက်အရ သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က KIO/KIA နဲ့ ပတ်သက်ပြီး ထိုးစစ်ဆင် စတင်တိုက်ခိုက်ခြင်းမပြုဟုလည်း ရေးသားထားသည်။
KRP ဖွဲ့စည်းရေးနှင့် ပက်သက်ပြီး ကချင်လူမှုဖွံ့ဖြိုးရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ဘ က"ကျွန်တော်တို့ လွတ်လွတ်လပ်လပ်နေဖို့တော့ လိုတာပေါ့။ ပြည်သူတွေ လွတ်လွတ်လပ်လပ် နေချင်တယ်။ ဒါပေမယ့် အခုလို တိုင်းရင်းသားပေါင်းစုံ၊ တစ်စုတစ်စည်းတည်း ကိုယ့်လူမျိုး၊ သူ့လူမျိုးအားလုံး နေထိုင်နေတဲ့ပုံကနေ သီးခြားခွဲထွက် နေတာမျိုးတော့မဟုတ်ဘူး။ အခုပြောတဲ့ အဖွဲ့ကလူဆိုတာကိုလည်း ကျွန်တော်တို့မသိဘူး။" ဟု ပြောသည်။
ကချင်ပြည်နယ်အခြေစိုက်ပါတီ ပြောရေးဆိုခွင့်ရှိသူများကလည်း ကချင်ပြည်နယ်အနေဖြင့် ခွဲထွက်ရေးအတွက် ဆောင်ရွက်နေ မှုများကို သဘောမတူဘဲ၊ အားလုံးအခွင့်အရေးတန်းတူရရှိကာ ပူးပေါင်းနေထိုင်ရေးအတွက်သာ ဆောင်ရွက်နေပြီး၊ လက်ရှိ ကချင်နိုင်ငံတော်တည်ထောင်မည့် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည်လည်း ကချင်ပြည်နယ် အတွင်းရှိသူများမဟုတ်သလို၊ သိရှိခြင်းလည်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။







