စစ်တက္ကသိုလ်သို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး သွားရောက်လေ့လာ

စစ်တက္ကသိုလ်သို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး သွားရောက်လေ့လာ
by -
မဇ္ဈိမ
ဇန်နဝါရီ ၁၂ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသည့် KNUဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
ဇန်နဝါရီ ၁၂ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသည့် KNUဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
 မေမြို့(ခေါ်)ပြင်ဦးလွင်မြို့ရှိ အစိုးရစစ်တက္ကသိုလ်သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီ ၁၃ ရက်တွင် သွားရောက်လေ့လာခဲ့ကြောင်း KNU ၏ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"လေ့လာတယ်ဆိုတာလည်းဗျာ၊ ကျွန်တော်တို့နိုင်ငံရဲ့ စစ်တက္ကသိုလ်ကို သွားလေ့လာတာ တစ်ခြားနိုင်ငံမှာတော့ မထူးခြားဘူးဗျ။ စစ်တက္ကသိုလ်ဆိုတာက နိုင်ငံတော်ကို ကာကွယ်ဖို့ လေ့ကျင့်တဲ့နေရာကိုး။ ဒါကိုသွားလေ့လာတာ ဘာမှထူးဆန်းတဲ့ အရာမဟုတ်ဘူး" ဟု စောကွယ်ထူးဝင်းက ဇန်နဝါရီ ၁၃ ရက်၊ ညနေပိုင်းတွင် ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြုလုပ်နေ သည့် နေပြည်တော်မှတဆင့် ပြင်ဦးလွင်စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာခြင်းလည်း ဖြစ်သည်။

အစိုးရတပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၂ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဖိတ်ခေါ်ထားသည်။

သို့သော် ပြင်ဦးလွင်စစ်တက္ကသိုလ်သို့ KNU ဥက္ကဋ္ဌ သွားရောက်လည်ပတ်ခြင်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်သည့် အကြောင်းအရာနှင့် သက်ဆိုင်ခြင်းမရှိဟု စောကွယ်ထူးဝင်းက ပြောသည်။

"အခြေခံကတော့ဗျာ၊ တိုင်းရင်းသားတွေ အခွင့်အရေးနဲ့ နိုင်ငံရေးပြဿနာပြေလည်လို့ရှိရင်တော့ ကျွန်တော်တို့၊ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် တိုင်းရင်းသားတွေကလည်း တာဝန်ရှိရှိ ပူးပေါင်းဆောင်ရွက်မှာပဲဗျ။ အခုလောလောဆယ်ကတော့ ဒီအခြေခံပြဿနာရှင်းပြီးမှပဲ သူ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ပြောတဲ့ဟာတွေ ဖြစ်လာမယ်ထင်တယ်" ဟု စောကွယ်ထူးဝင်းက မှတ်ချက်ပြုသည်။

ဇန်နဝါရီလ ၁၂ ရက်ကစပြီး ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်တွင် ကျင်းပလျက်ရှိပြီး ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်နှုတ်ဆက်စကား ပြောခဲ့သေးသည်။ အဆိုပါ ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှသာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရရှိနိုင်မည်ဟု ထောက်ပြပြောဆိုထားသည်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလိုပြင်ဆင်ပြီးမှသာ လုံခြံုစိတ်ချနိုင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရရှိမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သေချာစေမှာဖြစ်ကြောင်းလည်း ထောက်ပြလိုပါတယ်" ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ၅ ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဇန်နဝါရီ ၁၂ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသည့် KNUဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...