တတိယအကြိမ်မြောက် ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

တတိယအကြိမ်မြောက် ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်
by -
ခိုနုမ်းထုန်
ချင်းမျိုးနွယ်စုအရေအတွက်နှင့်ပတ်သက်သော တတိယအကြိမ်မြောက် ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ ၉ ရက်နေ့က ကလေးမြို့ တာဟန်းရပ်ကွက် EBC ဘုရားကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ(CNACC) မှ ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ချင်းလူမျိုး ၅၃ မျိူးရှိသည်ဟု ရေတွက်သတ်မှတ်မှုအပေါ် လေ့လာဆန်းစစ် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်ဟု အထောက်အကူပြုကော်မတီမှ တာဝန်ရှိသူ ဆလိုင်းပီပီကပြောသည်။

“၂၀၁၄ သန်းခေါင်စာရင်းကောက်ယူတဲ့အချိန်မှာ ချင်းလူမျိုးတွေကို ၅၃ မျိုးအဖြစ် သတ်မှတ်ပြီး ကောက်ယူခဲ့တာကြောင့် ချင်းလူမျိုးတွေအကြား နားလည်မှုလွဲမှားမှုတွေဖြစ်လာတယ်၊ စိုးရိမ်စိတ်တွေလည်းပေါ်လာတယ်၊ အချင်းချင်း စိတ်ဝမ်းကွဲစရာတွေ လည်း စပြီးတော့ပေါ်လာတယ်၊ ပြီးတော့ ဗဟိုသန်းခေါင်စာရင်းကော်မတီကတော့ ၂၀၁၆ တိုင်းရင်းသားလူမျိုးများ အမည်စာရင်းထုတ်ပြန်မယ့်အချိန်မှာ ချင်းလူမျိုးတွေအကြားမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ထပ်မံပြီးတော့ မပေါ်ပေါက်ဖို့ ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်ပြင်ပမှာရှိနေကြတဲ့ ချင်းလူမျိူးတွေအားလုံးက စုပေါင်းညှိနှိုင်းပြီးတော့ အဖြေရှာကြ ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချင်းသမိုင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပရတာဖြစ်ပါတယ်’’ ဟု ဆလိုင်းပီပီ ကပြောသည်။

ပထမအကြိမ် ချင်းသမိုင်းဆိုင်ရာဆွေးနွေးပွဲကို ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပရန် စီစဉ်ခဲ့ကြသော်လည်း သဘာဝဘေးဒဏ်ကျရောက်ခဲ့သည့်အတွက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကျင်းပခဲ့ကြပြီးနောက် ဒုတိယအကြိမ်ကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြပြီး ယခု တတိယအကြိမ် ချင်းသမိုင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ချင်းသမိုင်းဆိုင်ရာဆွေးနွေးပွဲများတွင် ချင်းလူမျိုး ၅၃ မျိုးထဲမှ နာမည်စာလုံးပေါင်းအမှားများ၊ လူမျိုးအမည် မဟုတ်ဘဲ ဒေသ အမည်ကို သုံးစွဲခြင်းနှင့် လက်ရှိအမှန်တကယ်တည်ရှိနေသော ချင်းလူမျိုးအရေအတွက်များ ကို ပြန်လည် ရေတွက်စိစစ်ခဲ့ကြသည်ဟု ဆလိုင်းပီပီ ကပြောသည်။

“၅၃ မျိုးနွယ်စုမှ တစ်ချို့တွေက လုံးဝကိုမရှိတော့တဲ့မျိုးနွယ်စုတွေရှိတယ်။ တစ်ချို့တွေက ဒေသအပေါ်မှာအခြေပြုတဲ့ လူမျိုးနွယ်စုတွေရှိ တယ်။ နောက်တစ်ခုက စာလုံးပေါင်းမှားတဲ့ လူမျိုးနွယ်စုတွေရှိတယ်။ အဲဒီအချက် ၃ ချက်ပေါ်မှာ အခြေခံပြီးတော့ စာလုံးပေါင်းအမှားတွေကို ပြင်ဆင်တယ်၊ ၅၃ မျိုးနွယ်စုလို့ စာရင်းပေါ်ထားတဲ့အထဲကနေ ဘာတွေဟာ အခုလက်ရှိ မရှိတော့တာလဲ ဘာတွေရှိနေသေးသလဲ၊ ကျနော်တို့ရေတွက်တာ တည်းဖြတ်တာ မဟုတ်ဘူးနော် ရေတွက်တာ” ဟု သူကပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိူးသားအထောက်အကူပြုကော်မတီအနေဖြင့် မကြာခင်ကာလအတွင်း လူထုတွေ့ဆုံပွဲ (Public Consultation) ကို နေရာ ၆ နေရာ (တီးတိန်၊ တမူး၊ ရိ၊ မင်းတပ်၊ ပလက်ဝ၊ စစ်တွေ) တွင် ဆက်လက်ပြုလုပ်သွား မည်ဖြစ်ပြီး ထိုမှတဆင့် သက်ဆိုင်ရာ ဒေသခံမျိုးနွယ်စုများ၏ လိုချင်သော၊ ဖြစ်စေချင်သော ဆန္ဒအတိုင်း အတည်ပြုမှုရရှိပြီးမှ ဗဟိုသန်းခေါင်စာရင်းကော်မတီအဖွဲ့ထံကို ပြန်လည်တင်ပြသွားမည်ဟု သိရသည်။

ယခုလက်ရှိတွင် အထောက်အကူပြုကော်မတီ၏ ပဏာမလေ့လာတွေ့ရှိချက်အရ ချင်း ၅၃ မျိုးရှိသည် ဟူသော ရေတွက်မှုသည် မှန်ကန်မှုမရှိကြောင်း၊ ချင်း ၅၃ မျိုးအနက် ချင်းမျိုးနွယ်စုများအဖြစ် ၃၆ မျိူးကို ရေတွက်နိုင်ခဲ့ကြောင်း၊ ယင်း ၃၆ မျိုးတွင် မျိုးနွယ်စု (Tribe)၊ ဆွေမျိုးစု(Clan)၊ မျိုးတူစု (Family) များ ရောနှောပါ၀င်နေ ကြောင်း တွေ့ရှိရ သည်ဟု အထောက်အကူပြုကော်မတီ ကပြောသည်။

ချင်း ၅၃ မျိုးထဲ၌ နာဂအပါအဝင် နာဂမျိုးနွယ်စု လေးခု၊ မဏိပူရမျိုးနွယ်စု တစ်ခု၊ နေပါလီမျိုးနွယ်စု တစ်ခုနှင့် အမျိုးအမည် နှစ်ခုကိုမူ မည်သည့်မျိုးနွယ်စုဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ရန်ကြိုးစား ဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် ချင်းမျိုးနွယ်စုအမည်များအနက် လေးခုကို တစ်ခုလျင် အနည်းဆုံး နှစ်ကြိမ်စီ (ရှစ်မျိုးအဖြစ်) ရေးသားဖော်ပြထား ပြီး လေးခုသည် မျိုးနွယ်စုအမည်မဟုတ်ဘဲ ဒေသ၊မြို့၊ အမည်ရှေ့တပ်စကားလုံးစသည်တို့ကို အမျိုးအမည်အဖြစ် ရေးသား ထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ချင်းအမျိုးသားအထောက်အကူပြုကော်မတီထံမှ သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...