မင်္ဂလာစျေးမီးလောင်မှု သိန်းပေါင်း ၃၆၀၀ ကျော်ဆုံးရှုံး၊ မီးငြိမ်းသော်လည်း အဆင့် ၃ သတ်မှတ် ထားဆဲ

မင်္ဂလာစျေးမီးလောင်မှု သိန်းပေါင်း ၃၆၀၀ ကျော်ဆုံးရှုံး၊ မီးငြိမ်းသော်လည်း အဆင့် ၃ သတ်မှတ် ထားဆဲ
by -
မဇ္ဈိမ
ဇန်နဝါရီ ၉ရက် နံနက် ၁ နာရီခွဲခန့်မှ နံနက် ရ နာရီ ၂၀ မိနစ်ထိ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ အဆင့်မြင့်မင်္ဂလာစျေး၊ တတိယထပ်(၄) လွှာမှ စတင်၍ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း (၃၆,၀၆၀၂) သိန်း ဆုံးရှုံးကာ မီးငြိမ်းသွားသော်လည်း အဆင့် ၃ (Level-3) သတ်မှတ်ထားဆဲဟု ရန်ကုန်တိုင်းဗဟိုမီးသတ်ဌာနမှ အရာရှိတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ညနေ ၆ နာရီအချိန် ဗဟိုမီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာ အရာရှိတစ်ဦးက ''မီးက မနက် ရ နာရီကျော်မှာ ငြိမ်းသွားသော်လည်း အခုထိ Level-3 သတ်မှတ်ထားဆဲပါ။ စလောင်တုန်းက Level-5 သတ်မှတ်ထားတာ၊ နှစ်ဖွဲ့တော့ပြန် လာပြီ Level-1,2,3 တပ်ဖွဲ့တွေတော့ ရှေ့တန်းမှာရှိနေတုန်းပဲ။ သူတို့ပြန်လာရင် အသေးစိတ်စာရင်းဇယားတွေသိရပါမယ်။'' ဟုဖြေကြားသည်။

အထပ်ပေါင်း ၅ထပ်ရှိသည့် မင်္ဂလာစျေးတွင် ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိသည့်အနက် ၁၆၃၆ ခန်း မီးလောင်ပျက်စီးသွားခြင်း မှာ လေးလွှာရှိ ဆိုင်အမှတ် (၄၅၁) ရှိ ဦးလှဝင်းဆိုင်တွင် လိပ်ဆွဲတံခါး တပ်ဆင်ရန် ဆိုင်ရှင်ဖြစ်သူဦးလှဝင်းက အလုပ်သမား ခေါင်းဆောင် နှင့် အလုပ်သမား သုံးဦးကို အလုပ်အပ်နှံခဲ့ပြီး လျှပ်စစ်မီးအားပေါ့ဆစွာအသုံးပြုခဲ့သဖြင့် ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မင်္ဂလာစျေးလျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး (ခ) ဖိုးကျော် အပါအဝင်ခြောက်ဦးအား အမှုဖွင့်အရေးယူထားကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

မီးလောင်ခဲ့သော ဆိုင်ခန်းများတွင် ဆေးဝါးပစ္စည်းဆိုင်၊ အလှကုန်ဆိုင်၊ ကုန်စုံဆိုင်နှင့်အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်များ ပါဝင်ခဲ့သည်။

မီးလောင်ကျွမ်းသည့်နေရာသို့ မီးသတ်ဦးစီးဌာန ဒုညွှန်ချုပ် ဦးမြတ်သူ ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်
(၃၀၀) ဦးခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင် (၄) ခရိုင် အကူတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၅) လုံခြံုရေးရဲ တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အသီးသီးရောက်ရှိပြီး အုပ်ချုပ်မှုယာဉ်အပါအဝင် မီးသတ်ယာဉ် အစီး(၂၀၀)ခန့်ဖြင့် ၀ုိင်းဝန်းငြိှမ်းသတ်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနကထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ လုံခြံုရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများရောက်ရှိပြီး မီးလောင်ကျွမ်းသည့် နေရာအား မီးငြိှမ်းသတ်မှု လွယ်ကူစေရေးနှင့် အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် လုံခြံုရေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကွပ်ကဲရာတွင် ပါဝင်သော ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ''ဖြစ်စဉ်ကို အခုမှဖတ်နေတုန်းဆိုတော့ အသေးစိတ်စာရင်းဇယား၊ ဒါဏ်ရာရသူစာရင်း၊ ဘယ်သူ့ကိုဘယ်လို အရေးယူမလဲဆိုတာစစ်ဆေးပြီးရင် ထုတ်ပြန်ပါမယ်။'' ဟု မဇ္ဈိမသို့ ပြောကြားသည်။

မီးလောင်ပြီး၍ ရှင်းလင်းနေစဉ်အတွင်း စျေးများဌာနက ပစ္စည်းပျောက်ရှမှုမရှိစေရန်နှင့် စနစ်တကျ ရှင်းလင်းနိုင်ရန် မီးလောင်မှုမဖြစ်သော မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရှိ စျေးသူစျေးသားများ အနေဖြင့် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းများပြီးပါက အလှည့်ကျစနစ်ဖြင့် ပစ္စည်းများထုတ်ယူခွင့်ပြု မည်ဟု ကြေညာထားသည်။

စျေးပိတ်ထားစဉ်အတွင်း ရွှေမင်္ဂလာစျေးသစ်ကြီး တတိယထပ်၊ စတုတ္ထထပ်၊ ပဥ္စမထပ် ကားရပ်နား ရန်နေရာတွင် ဆိုင်ခန်းနေရာရေးဆွဲပြီး စျေးရောင်းချခွင့်စီစဉ်ပေးမည်ဟု စျေးများဌာနက သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...