ကြက်ခြေနီအသင်း အလှူငွေ ကျပ်သန်း ၁၃၀၀ ကျော်သုံးစွဲမှုကို တင်ပြ

ကြက်ခြေနီအသင်း အလှူငွေ ကျပ်သန်း ၁၃၀၀ ကျော်သုံးစွဲမှုကို တင်ပြ
by -
မဇ္ဈိမ
၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း မြန်မာနိုင်ငံအနှံ့ ရေကြီးနှစ်မြှုပ်စဉ်က လက်ခံရရှိခဲ့သော အလှူငွေ ကျပ်သန်း ၁၃၀၀ ကျော်သုံးစွဲမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဒီဇင်ဘာ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ ဆန်းမစ်ပါ့တ်ဗျူးဟိုတယ်၌ သတင်းမီဒီယာများ၊ အလှူရှင်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

"အလှူငွေ ရရှိထားတာ ဒေါ်လာတစ်သန်းပေါ့။ မြန်မာငွေနဲ့ဆို ကျပ်သန်းပေါင်း ၁၃၀၀ ကျော်တယ်။ အဲ့ဒါ ဘယ်နေရာမှာ ပြန်သုံးမယ် ဆိုတာ ရှင်းပြမှာ''ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုကျော်က မဇ္စျိမသို့ ပြောသည်။

ရေကြီးနစ်မြှုပ်ခဲ့သောကြောင့် လူဦးရေ တစ်သန်းကျော်၊ အိမ်ထောင်စု တစ်သိန်းကိုးသောင်းကျော် ထိခိုက်ခဲ့ရကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကူညီကယ်ဆယ်ပေးခဲ့ရာတွင် ရေဘေးဒုက္ခရောက် စဉ်တုန့်ပြန်မှု၊ ပြန်လည်ထူထောင်ရေးကာလ၊ မည်သည့်အတိုင်းအတာထိဆောင်ရွက်နေသည်ဆိုသည့် အပိုင်း သုံးပိုင်းကို စီမံကိန်းမန်နေဂျာ ဒေါ်အေးအေးသန်းက ရှင်းပြသည်။

"ဒီဇင်ဘာလလယ်ထိ အလှူငွေ လက်ခံရရှိတာက (၁,၃၁၉,၃၉၈,၉၅၇) ကျပ်၊ လက်ရှိသုံးစွဲပြီးတာက (၁၃၅,၀၇၄,၄၇၉) ကျပ်နဲ့ ကျန်ရှိငွေအပေါ် ခန့်မှန်းသုံးစွဲမည့်ရံပုံငွေ (၁,၀၂၁,၇၄၄,၄၇၉) ကျပ်ဖြစ်ပြီး မမျှော်မှန်းနိုင်သော အသုံးစရိတ်ချန်ထားတာက (၁၈၉,၆၇၄,၄၇၈) ဖြစ်ပါတယ်။ မမျှော်မှန်းနိုင်သော ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာစျေးတက်ကောင်း တက်နိုင်မယ်။ နောက်ပိုင်းလုပ်မယ့်ကိစ္စတွေ မှာစျေးနှုန်းတွက်ချက်တာတွေလုပ်ရအုံးမှာပါ"ဟု ၎င်းက ပြောသည်။

အလှူရှင်များ၏ လှူဒါန်းငွေများထဲမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လစာလုံးဝ ယူဆောင်ခြင်းမရှိဘဲ ရေဘေးဒုက္ခသည်များ အတွက်သာ အသုံးချခဲ့သည်ဟု ဒေါ်အေးအေးသန်းက ဆက်လက်ပြော ကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရေကြီးနစ်မြှုပ်မှုဒဏ် ခံစားခဲ့ရသော ဧရာဝတီတိုင်းအတွင်း ဟင်္သာတ နှင့် ကျောင်းကုန်း၊ မကွေးတိုင်းအတွင်း ပွင့်ဖြူနှင့် စေတုတ္တရာတို့၌ အဓိက လှူဒါန်းခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသာလှရွှေက "ကျန်ရှိနေတဲ့အလှူငွေများကို ကျွန်တော်တို့ဆီမှာ အဆိုပြုထားတဲ့ ပန်းတနော်၊ သာပေါင်း၊ လေးမျက်နှာ၊ ဟင်္သာတစတဲ့ ဒေသတွေ မှာ ဆက်လက်လှူဒါန်းသွားမှာပါ" ဟု ပြောကြားသည်။

စာသင်ကျောင်း၊ ခုံနှင့် စားပွဲ၊ ရေလောင်းအိမ်သာ၊ ကစားကွင်း ထောက်ပံ့ပစ္စည်း၊ ဆေးခန်း၊ ရေလှောင်ကန်၊ ကျေးရွာချင်းဆက် တံတားနှင့် ဘုန်းကြီးကျောင်းပြုပြင်ရန်တို့ ထပ်မံလိုအပ်လျှက်ရှိသည်ဟု ၎င်းက ဆိုသည်။

တက်ရောက်လာသည့် အလှူရှင်တစ်ဦးက မြန်မာနိုင်ငံကြက်ခြေနီအသင်း စီစဉ်ဆောင်ရွက်နေသည် များမှာ စနစ်ကျပြီး လှူဒါန်းရသည်မှာ အားရပါကြောင်း၊ တိုင်းဒေသကြီးများသာ လှူဒါန်းမနေဘဲ ရေကြီး နစ်မြှုပ်ဒဏ်ခံရသည့် အခြားပြည်နယ်များကိုလည်း လှူဒါန်းသင့်ကြောင်း အကြံပြုခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ယခုပြုလုပ်နေသော အကူအညီပေးရေးစီမံချက်ကာလမှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၁၆ခုနှစ်မတ်လတွင် ပြီးဆုံးမည်ဖြစ်သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...