တိုင်းနှင့်ပြည်နယ်အားလုံး စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းရန် NLD ညွှန်ကြား

တိုင်းနှင့်ပြည်နယ်အားလုံး စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းရန် NLD ညွှန်ကြား
by -
မဇ္ဈိမ
ငွေနှင့် ပစ္စည်းစာရင်းများကို စစ်ဆေးရန်ဟုဆိုကာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် စာရင်းစစ် အဖွဲ့များ ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တိုင်းနှင့် ပြည်နယ်အားလုံးရှိ ပါတီဥက္ကဌများထံ လိပ်မူကာ ညွှန်ကြားလိုက်သည်။

"စာရင်းစစ်အဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်ရာ မြို့နယ်စည်းရုံးရေးအဖွဲ့ အသီးသီး၏ ငွေနှင့် ပစ္စည်း စာရင်းများကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စစ်ဆေးရန် အချိန်ဇယားရေးဆွဲ၍ ဆောင်ရွက်ကြရန် ဖြစ်ပါသည်"ဟု NLD၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံဖြစ်သူ ဦးဟံသာမြင့်က လက်မှတ်ရေးထိုးကာ ဒီဇင်ဘာ ၂၃ ရက်စွဲဖြင့် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

စာရင်းစစ်အဖွဲ့များကို ပြည်နယ်နှင့် တိုင်း တစ်ခုလျှင် အဖွဲ့ဝင်(၃)ဦးစီဖြင့် ဖွဲ့စည်းကာ အဖွဲ့ဝင်များသည် အခြေခံစာရင်းအင်းပညာ တတ်ကျွမ်းသူများဖြစ်ရန် လိုအပ်ပါသည်ဟု ညွှန်ကြားစာတွင် ရေးသားထားသည်။

စာရင်းစစ်အဖွဲ့များကို တိုင်းစည်းရုံရေးအဖွဲ့ဝင်တစ်ဦးက ဦးဆောင်ဖွဲ့စည်းရမည်ဖြစ်ပြီး အဖွဲ့ဝင်များတွင် အခြေခံစာရင်းအင်းပညာ တတ်ကျွမ်းသူမရှိပါက NLD ပါတီကို လိုလားသူ ပြင်ပမှ စာရင်းအင်း ကျွမ်းကျင်သူများ ဖြစ်စေ၊ တိုင်းနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ စာရင်းကျွမ်းကျင်သူများကိုဖြစ်စေ ထည့်သွင်း ဖွဲ့စည်းနိုင်သည်ဟုလည်း ဆိုသည်။

ထို့အပြင် တိုင်းနှင့် ပြည်နယ်များမှ စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းပြီးပါက ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ တင်ပြကာ အတည်ပြုချက် ရယူရမည်ဖြစ်သည်။

ယင်းနောက် ဖွဲ့စည်းပြီးသည့် ပြည်နယ်နှင့် တိုင်းများ၏ စာရင်းစစ်အဖွဲ့များအား နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထားသိုရမည့် စာရင်းများနှင့် စာရင်းစစ်ဆေးနည်းများကို ပါတီ၏ ဗဟိုမှ သင်တန်းပို့ချသွားမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည်  နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲများတွင် မဲ ရ၇ ရာခိုင်နှုန်းကျော်ဖြင့် တစ်နိုင်ငံလုံးတွင် အပြတ်အသတ် အနိုင်ရရှိကာ လာမည့် အစိုးရသက်တမ်းတွင် အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်ရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၈ရက်၊ ရွေးကောက်ပွဲများ မတိုင်ခင်က မြန်မာနိုင်ငံအတွင်း သွားရောက်ခဲ့သည့် မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင်လည်း သူမ၏ပါတီ အစိုးရဖွဲ့နိုင်ပါက အဂတိ ကင်းသည့် အစိုးရတစ်ရပ် ဖြစ်စေရမည်ဟု ကတိပြုပြောဆိုထားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...