နိုဝင်ဘာလဆန်းမှ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်မှု ငြိမ်နေသော်လည်း ၎င်းတို့ တပ်များ ကျေးရွာ များတွင် လှုပ်ရှားနေဆဲဖြစ်၍ ဒုက္ခသည်များ မပြန်နိုင်သေးဘဲ ရှိနေသဖြင့် စစ်ပြေးဒုက္ခသည်များ လုံခြံုဘေးကင်းစွာ ပြန်လည်နေထိုင်နိုင်ရန်အတွက် ဆုတ်ခွာပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“တိုက်ပွဲလည်း ရပ်ပြီ။ စစ်ပြေးဒုက္ခသည်တွေ ကိုယ့်နေရာကိုယ်ပြန်ဖို့ ရွာမှာ စခန်းချထားတာ စစ်တပ် တွေ ပြန်ဆုတ်ခွာပေးဖို့။ တိုက်ပွဲဖြစ်တဲ့ ကာလမှာ တပ်စခန်း ၂၀ ကျော်တိုးချလာတယ်။ ၁၄ ရင်း လောက်က ရွာထဲမှာ နေကြတယ်။ အဲဒီမှာ ရှိတဲ့ အစားအသောက်တွေ ယူစား။ ပစ္စည်းတွေယူဆိုတော့ ကျမတို့ ထွက်ခွာပေးဖို့ တောင်းဆိုတာဖြစ်တယ်”ဟု ရှမ်းလူထုအခြေပြုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ယိန်းဟန်ဖက မဇ္ဈိမသို့ ပြောသည်။
လက်ရှိ ဝမ်ဟိုင်း၊ ဝမ်ဆော့၊ လဲချား၊ မိုင်းနောင်ရှိ စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်သွားပြီ ဖြစ်သော်လည်း ဟိုင်းပါ ဒုက္ခသည်စခန်းရှိ လူဦးရေ (၁၅၀၀) ကျော်၊ ဝမ်ဝ ဒုက္ခသည်စခန်းတွင် (၉၀၀) ကျော်နှင့် မိုင်းရှူးမှ ဒုက္ခသည်စခန်းမှ လူ (၅၀၀) ကျော် နေရပ် မပြန်နိုင်သေးကြောင်း သူက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှ အစိုးရ စစ်တပ်ဘက်မှ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ယခုထိ ၂ လကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးခြင်း ဖြစ်သည်။
အောက်တိုဘာလမှ စတင်၍ ရှမ်းပြည်နယ်အလယ်ပိုင်းတွင် အစိုးရ စစ်ကြောင်းက တပ်စခန်း ၂၀ ကျော် ထပ်မံတိုးချဲ့ခဲ့သလို၊ တပ်ရင်း ၁၄ ရင်းက ကျေးရွာများအတွင်းနှင့် လယ်ယာခြံေုမများအတွင်း စခန်းချပြီး ဗုံးကျင်းများ၊ ခံတုတ်ကျင်းများ တူးကာနေထိုင်ခဲ့ကာ မြေမြှုပ်မိုင်းများလည်း ထောင်ထား၍ သီးနှံများ ရိတ်သိမ်းရန် ပြန်လာသည့် ရွာသားများအား ချောင်းမြောင်း ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့က မိုင်းရှူးမြို့နယ်တောင်ဘက် ကုန်းနင်မ်ကျေးရွာသား တအာင်းလူမျိုး ၅၀ ကျော်က နေရပ်ပြန်လာသည်ကို အစိုးရ စစ်ကြောင်းက ဖမ်းဆီးကာ နေပူကျဲကျဲတွင် ၂ နာရီကြာ ဒူးထောက် လက်မြောက်စေပြီး ပြစ်ဒဏ်ပေးခဲ့သည်ဟု လူ့ထုအခြေပြုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့အပြင် အစိုးရ စစ်တပ်ဘက်မှ ရွာသားများအား “မည်သူ့ ခွင့်ပြုချက်ဖြင့် ရွာပြန်သတင်း အစိုးရ စစ်ကြောင်းမှ မခေါ်မချင်း နေ ရပ်ပြန်မလာကြရန်နှင့် စစ်ရှောင်စခန်းတွင် ၂ လ ခန့်ပြန်သွားနေရန် အမိန့်ထုတ်ခဲ့သည်ဟု ထည့်သွင်းဖော်ပြထား သည်။
ယခုထိ အစိုးရ စစ်တပ်မှ ဆုတ်ခွာပေးမှု မရှိခြင်း ဆွေးနွေးသဘောတူညီချက်များအပေါ် ရိုးသားမှု မရှိခြင်းတို့သည် စစ်ပြေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်နိုင်ရေးအတွက် အတားအဆီးဖြစ်နေကြောင်း၊ ထိုစစ်ပြေး ဒုက္ခသည်များအတွက် ရှမ်းလူထုအခြေပြုအဖွဲ့များမှ အထူးစိုးရိမ်ပူပန်ရကြောင်း ယိန်းဟန်ဖက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ရ ရက်၊ ၈ ရက်များတွင် အစိုးရနှင့် SSPP ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံ၍ နှစ်ဖက်တပ်များ ဆုတ်ခွာရန်နှင့် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် အပါအဝင် အချက် ၆ ချက် သဘောတူညီမှု ရရှိခဲ့သည်။
နှစ်ဖက် ဆွေးနွေးမှုအပြီး တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ဘဲ မိုင်းရှူးနှင့် မိုင်းနောင်မြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၄ ၊ ၅ ခုကို ဆုတ်ခွာပေးပြီး ဖြစ်ပြီး အစိုးရ စစ်တပ်ဘက်မှလည်း တပ်ရင်း ၃ ရင်းခန့် ဆုတ်ခွာပေးမှု ရှိနေသည်ဟု SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
“အကုန်တော့ မဆုတ်သေးပါဘူး။ တဖြည်းဖြည်းဆုတ်နေတာပေါ့။ သူတို့လည်း အကုန်မဆုတ် သေးဘူး။ ကျနော်တို့က ၄ ၊ ၅ နေရာဖယ်ပြီးပြီ။ အစိုးရစစ်တက်ဘက်ကတော့ သုံး၊ လေး ရင်းတော့ ပြန်သွားပြီ”ဟု သူက မဇ္ဈိမသို့ ပြောသည်။
SSPP သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ခြင်းမရှိသဖြင့် လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။







