“ဒီနေ့ အမှုက ထူးခြားချက်ကတော့ တရားသူကြီးပြောင်းသွားတယ်ဗျ။ တရားသူကြီးအသစ်က အခုကို ဇေယျာလွင်တို့ကို အစကနေ ပြန်စစ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ဘာမှမစစ်ဖြစ်ဘူး။ နောက် တစ်ပတ်ရုံးချိန်းမှ ပြန်စစ်မှာပါ"ဟု ဖိုးသားက ပြောသည်။
၂၀၁၅ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးစျေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်ထဲက အစိတ်သား(တပ်မတော်သား)၂၅ ရာခိုင်နှုန်းထွက်သွားပေးရေး တောင်းဆိုဆန္ဒပြခဲ့မှုကြောင့် အခုလိုတရားစွဲဆို ခံရခြင်းဖြစ်သည်။
ထို့အပြင် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းကြောင့် တကသကျောင်သားများ ဖြစ်သော နန်းလင်း၊ မင်းသုခ နှင့် စည်သူမောင်တို့ကို ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ထားကြောင်းလည်း ဒီဇင်ဘာ ၂၂ ရက်နေ့၊ ရုံးချိန်းတွင် ဒဂုံအရှေ့မြို့နယ်မှ ရဲမှူးက လာရောက်ပြောကြားခဲ့သည်။
“ဒီနေ့ ဒဂုံအရှေ့မြို့နယ်က ရဲမှူးက လာသွားတယ်။ တရားစွဲထားတာတော့ ကြာပီပေါ့နော်။ သူတို့ အဲဒီလူတွေကို လိုက်ရှာနေတာ မတွေ့လို့ အခုမှ ဒီမှာလာအကြောင်းကြားတာလို့ ပြောတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျောင်းသားတွေကို အမျိုးမျိုးဖိနှိပ်တရားစွဲဆို ဖမ်းဆီးထောင်ချထားသလို၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကိုလည်း တရားစွဲဆိုမှုတွေ လုပ်နေတာတွေ ရှိတယ်။ အခုလည်း အရင်တုန်းက အမှုဟောင်းတွေကို အစပြန်ဖော်နေတဲ့အတွက် ဒီလက်ရှိအစိုးရဟာ သူအာဏာ မလွဲခင် မျက်နှာဖုံး ကွာကျလာတာပါပဲ။ ဒီဖြစ်ရပ်တွေက သက်သေပါပဲ”ဟု ဖိုသားက ပြောကြားခဲ့သည်။
ယခုလာရောက်စွဲဆိုထားသော ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အယုံအကြည်မရှိသည့်အတွက် အယူခံဝင်သွားမည် မဟုတ်ကြောင်းနှင့် စစ်ဆေးမှုခံယူသွားမည်မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
ရုံးချိန်းကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပန်းပဲတန်းတရားရုံး၌ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။







