"သဘောရိုးမဟုတ်ဘဲ အာဏာအလွှဲသုံးစား လုပ်ရင်တော့ ဒါကိုတော့ အကာအကွယ် မပေးသင့်ဘူး" ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောသည်။
သမ္မတတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်စဉ်တွင် ရိုးရိုးသားသားဆုံးဖြတ်လုပ်ဆောင်ခဲ့သည့် အကြောင်းအရာကြောင့် တစ်ဦးတစ်ယောက်အပေါ်ထိခိုက်ခဲ့မှုနှင့် ပက်သက်ပြီး တရားစွဲဆိုမှု မရှိစေရန် နှင့် ၎င်းအတွက် လုံခြံုရေးကို ဥပဒေပြဋ္ဌာန်းကာ အကာအကွယ်ပေးသင့်တယ်ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာ ဥပဒေကြမ်းပါ အခန်း ၄၊ ပုဒ်မ ၁၀တွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအားတရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ရေးသားထားသည်။
"တရားဥပဒေစိုးမိုးရေးနဲ့သွားရင် ပြစ်မှုကျူးလွန်ရင်ဥပဒေရှိတယ်၊ ဥပဒေနဲ့အရေးယူရမယ်။ နိုင်ငံသား တစ်ဦးအနေနဲ့တော့ တစ်ဦးတစ်ယောက်တည်းကို ကာကွယ်ထားတယ်ဆိုတာတော့ သိပ်နည်း မကျဘူး။ ဒါဆိုတရား ဥပဒေစိုးမိုးရေးမဟုတ်တော့ဘူး။ ဒီဥပဒေကိုမပြဋ္ဌာန်းခင်၊ လူထုဆန္ဒကိုလည်း ဘယ်လိုလဲဆိုတာ နားထောင် သင့်တယ်။" ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်က မဇ္စျိမသို့ ပြောသည်။
ဥပဒေကိုချိုးဖောက်ပါက ဥပဒေအတိုင်းအရေးယူမှုများပြုလုပ်မှသာ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ ဟူသည့် အချက်နှင့်လည်း ကွဲလွဲနေသည်ဟု ၎င်းက ဆိုသည်။
ယင်းဥပဒမူကြမ်းပါ နိုင်ငံတော်သမ္မတထမ်းဆောင်ခဲ့သူလုံခြံုရေးအတွက် ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီး ဌာနတို့မှ သတ်မှတ်ပေးသည့်ကိုယ်ရံတော်နှင့် အဖွဲ့များကိုအသုံးပြုကာ လုံခြံုရေး ဆောင်ရွက် ပေးရမည်ဟု ဆိုသည်မှာ ဥပဒေအရ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ ရသင့်ရထိုက်သော်လည်း ပြည်သူအားလုံး တို့ကိုလည်း လုံခြံုစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
"တစ်ဦးတစ်ယောက်က နစ်နာရင် တာဝန်မဆုံးခင်မှာပဲ တရားစွဲခွင့်ရှိတာ၊ တာဝန်ချိန်ဆုံးရင်လည်း ဆက်လက်ခွင့် ပေးရမှာပဲ အဲဒီလိုမဟုတ်ရင်တော့ ရာသက်ပန်ဥပဒေအထက်မှာ ရောက်နေသလို ဖြစ်မှာပါ။ အဓိကတော့ အဲဒီကပုဒ်မ ၁၀ကို ကျွန်တော်တို့လုံးဝ သဘောမတူဘူး၊ အမေရိကန် စံလို ပြေရင်လည်း နိုင်ငံအခြေအနေက လုံးဝကွဲတယ်။ ဟိုမှာက နိုင်ငံသားတိုင်း အကာအကွယ်ရတယ်"ဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၅တွင်လည်း နိုင်ငံတော်သမ္မတသည် ဖွဲဲ့စည်းပုံအခြေခံဥပဒေ၊ အခြား ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း သမ္မတအားအပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့် များကို ကျင့်သုံးဆောင်ရွက်မှု၊ သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော်ပြုလုပ်မှု အတွက် မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးတွင်း မျှဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ယင်းကဲ့သို့ တာဝန်မရှိစေခြင်း သည် သမ္မတအားဖွဲ့စည်းပုံပါစွပ်စွဲ ပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသေးသည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာ များက ဒီဇင်ဘာ ၂၁ရက်တွင် ပြည်သူများထံသို့အသိပေးဖော်ပြခဲ့သည်။ ယင်းဥပဒေမူကြမ်းကို ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုက ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်။ ပြည်သူ့လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၂၁ရက်တွင်ဆုံးဖြတ်ခဲ့သည်။







