ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးက တိုက်ခန်းနှင့် မြေကွက်လျှောက်ရမည့် လျှောက်လွှာတစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးပြီး၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတင် ရမည့်နေရာတွင် တိုးဝှေ့စီတန်းနေကြခြင်းဖြစ်သည်။
လုပ်သက်ပြည့်ပင်စင်စား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးပြည့်စုံက ''ဦးတို့ဒီနေ့ အင်တာနက်မှာ တွေ့လို့ လာလျှောက်တာ၊ ဒီနေ့နောက်ဆုံးလျှောက်လွှာတင်ရမယ်ပြောတယ်။ ဘယ်သူကပေးတာလဲ မသိဘူး။ ဘယ်မှာနေရာချထားပေးမလဲ မသိဘူး။ မြေကွက်လိုချင်လို့လာလျှောက်ရတာပါ''ဟု လျှောက်လွှာပုံစံ ဖြည့်စွက်နေရင်းမှ မဇ္စျိမသို့ ပြောသည်။
အငြိမ်းစားဆရာမတစ်ဦးကလည်း ယခုကဲ့သို့ တိုက်ခန်း၊ မြေကွက်ပေးသည်ကို ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်း၊ မိမိအလုပ်လုပ်ခဲ့သည့်ဌာနမှတဆင့်သော်လည်းကောင်း ပင်စင်ရုံးမှ တဆင့်သော်လည်းကောင်း အသိပေးခဲ့လျှင် ယခုလို တိုးဝှေ့နေစရာလိုမည်မဟုတ်ဟု ဆိုသည်။
တိုက်ခန်းလျှောက်လွှာပုံစံတွင် ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာဟု ရေးထားပြီး မြေကွက်လျှောက်လွှာ ပုံစံတွင် မည်သည့်နေရာ၌ ချထားပေးမည်ကို မရေးထားပေ။
တပ်မတော် (ရေ) မှ တပ်ကြပ်ရာထူးဖြင့် ပင်စင်ယူခဲ့သည့် အမျိုးသားကြီးတစ်ဦးက ''မြေကွက်က ဒဂုံ အရှေ့ပိုင်းမှာ ပေးမယ်ကြား တယ်။ ကုမ္ပဏီက ပေးမှာလား၊ နိုင်ငံတော်က ပေးမှာလားတော့မသိဘူး။'' ဟု ပြောကြားသည်။
တိုက်ခန်းနှင့် မြေကွက် လျှောက်ထားသူသည် ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ပင်စင်စာအုပ်(E Card)၊ အငြိမ်းစားခွင့်ပြုမိန့် ရေး ၄၆ (တပ်ထွက်စာအုပ်) တို့ယူဆောင်လာရမည်ဖြစ်သည်။
တိုက်ခန်းနှင့် မြေကွက်ချထားပေးမှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပေးခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့၌ နောက်ဆုံးရက်ဖြစ်သော်လည်း မည်သည့်နေ့က စတင်ကြေညာခဲ့သည်ကို မသိကြောင်း တန်းစီနေသည့် လူအုပ်ကြီးအား ထိန်းသိမ်းပေးနေသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ဂိတ်အမှတ်(၄) တွင် တာဝန်ကျသည့် ရဲဝန်ထမ်းတစ်ဦးကမှု ''လျှောက်လွှာ ပုံစံ လာတင်နေကြတာတော့ တစ်လလောက်ရှိပြီ၊ လူတွေမသိကြလို့ ဖြစ်မယ်။ ဒီနေ့နောက်ဆုံးနေ့ ဆိုတော့ လူအုပ်ကြီးက ဒီလောက်များသွားတာ''ဟု ဆိုသည်။







