ရိုဟင်ဂျာပြက္ခဒိန် ရိုက်နှိပ်သူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တတိယအကြိမ် ရုံးထုတ်

ရိုဟင်ဂျာပြက္ခဒိန် ရိုက်နှိပ်သူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တတိယအကြိမ် ရုံးထုတ်
by -
မဇ္ဈိမ
ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသော ရိုဟင်ဂျာပြက္ခဒိန်ထုတ်ဝေ ရန် ရိုက်နှိပ်ကူညီပေးသူများအား ဒီဇင်ဘာ ၁၆ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်တရားရုံး၌ တတိယအကြိမ် ရုံးထုတ်ပြီး တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေးခဲ့သည်။

အမှုမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ပုဇွန်တောင်မြို့နယ်၊ ၅၄ လမ်းရှိ ကျော်ပုံနိုပ်တိုက် အားဝင်ရောက် ရှာဖွေရှာ ရိုဟင်ဂျာပြက္ခဒိန် ထုတ်ဝေမည့် ပလိတ်ပြား ၅၂ ချပ်၊ စာရွက် ၃၄၉၀ ရွက်တွေ့ရှိ၍ ပုံနိုပ်တိုက် ပိုင်ရှင် ဦးဟုတ်ရွှေ(ခ) ဦးကျော်ကျော်၊ မန်နေဂျာ ရဲသူအောင်၊ ကူညီဆောင်ရွက်ပေးသူ ဝင်းနိုင်(ခ) မာမက်၊ ဇော်မင်းဦး(ခ)ဟာနစ်၊ စာအုပ်ချုပ်သူ ဝင်းထွေး(ခ)အစ္စမိုင်၊ ထုတ်ဝေခိုင်းသူ ဦးအောင်ခင်တို့ အား ပုံနှိပ်ဥပဒေပုဒ်မ ၂၀ ဖြင့် ပုဇွန်တောင်မြို့နယ်၊ ရဲမှူးခင်မောင်လတ်က တရားစွဲရာ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပုဇွန်တောင်တရားရုံးမှ တစ်ဦးဒါဏ်ငွေ ၁၀ သိန်း ချမှတ်ခဲ့သည်။

ဝင်းနိုင်(ခ)မာမက်၏ ရှေ့နေဦးမျိုးမင်းဆွေက ''ဒီအမှုက ၂၃ ရက်နေ့က ဒါဏ်ငွေ ဆယ်သိန်းစီနဲ့ပြီး သွားတာကို ၂၄ ရက်နေ့မှာ ပုဇွန်တောင်မြို့နယ်ရဲမှူးက ပုဒ်မ ၅၀၅(ခ)နဲ့ပြန်စွဲတယ်။ ထုတ်ဝေဖို့လာ ရိုက်ခိုင်းတဲ့ ဦးအောင်ခင်ထွက်ပြေးနေတယ်။ ကျန်တဲ့ငါးဦး ဒီနေ့ရုံးထုတ်မှာ၊ ကျွန်တော့်အမှုသည် ကတော့ သူရဲ့ရွှေလက်ရာပုံနှိပ်စက်မှာအလုပ်လာအပ်တယ်၊ အော်ဒါများနေလို့ ၅၄ လမ်းမှာ ပုံနှိပ်စက်တွေ အများကြီးရှိတယ်လို့ လမ်းညွှန်လိုက်မိလို့စွဲခံရတာပါ။''ဟုမဇ္စျိမသို့ ပြောကြားသည်။

တရားလိုပြသက်သေများ စစ်ဆေးကာ စွဲချက်တင်ပြီးမှ အမှုသည်ဘက်သို့စစ်ဆေးမည်ဖြစ်၍ ကြာအုံးမည်ဟု ၎င်းကဆိုသည်။

တိမ်းရှောင်နေသော ရိုဟင်ဂျာပြက္ခဒိန်ရိုပ်နှိပ်ခိုင်းသူ ဦးအောင်ခင်နှင့် ပတ်သက်၍ ယနေ့စစ်ဆေးသော လိုပြသက်သေ ရွှေပြည်သာ အမှတ် (၁၉) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးစောထွန်းက ၂၅ ရက်ည ၂ နာရီကျော်အချိန်တွင် အမှတ်(၁၀၁၈) ခွာညိုလမ်း၊ ၁၉ ရပ်ကွက်ရှိ ဦးအောင်ခင်နေအိမ်သို့ နယ်ထိန်း အောင်ဝင်း၊ ပုဇွန်တောင်စခန်းမှူးတို့နှင့် သွားရောက်စစ်ဆေးရာ ဦးအောင်ခင်၏ သမီးက ယခုအိမ်သည် ငှားနေခြင်းပြီး ခရီးထွက်သွားသည်ဟုပြောကြောင်း၊ ဦးအောင်ခင်၏ သားတစ်ဦးရှိရာ ရွှေပြည်သာ (၂၀) ရပ်ကွက်တွင် ရှိနိုင်သည်ဟု ကြားကြောင်း တရားရုံးသို့ ထွက်ဆိုချက်ပေးခဲ့သည်။

ပုဇွန်တောင်မြို့နယ်တရားသူကြီး ဦးနေအောင်မြင်က လာမည့် ၂၃ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်နေ့၊ ရုံးထုတ်အမှုစစ် ရုံးထုတ်ရာသို့ မ.ဘ.သ ဆရာတော်များလမ်းညွှန်မှုကြောင့် လာရောက် စောင့်ကြည်သော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့မှ ထန်းတစ်ပင်ဆရာတော်က ''ပထမရုံးချိန်းမှာ ဆရာတော်ဦးပါမောက္ခ ကိုယ်တိုင်လာကြည့် တယ်။ ဒီနေ့သူမအားလို့ ဘုန်းကြီး လာစောင့်ကြည့်တာ ဖြစ်တယ်။ ဒီနေ့လို ပြသက်သေ အုပ်ချုပ်ရေးမှူးဖြေသွားတာ ဝေ့လည်ကြောင် ပတ် ဖြစ်နေတယ်။ သေသေချာချာ မဖြေဘူး။ အခုချိန် ထင်မြင်ချက်ပေးဖို့စောသေးတယ်။ ဘုန်းကြီးတို့ ဆက်လက်စောင့်ကြည့်သွား မှာပါ။''ဟု မဇ္စျိမသို့ မိန့်သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...