စက်ရုံမန်နေဂျာနှင့်အလုပ်ရှင်တို့မှ ဖိနှိပ်မှုအမျိုးမျိုးပြုလုပ်နေသည့်အပြင် အလုပ်သမားအချို့ကိုလည်း အကြောင်းမရှိဘဲ လုပ်ထုတ်ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် အလုပ်သမားအများစုက ဒီဇင်ဘာ ၁၆ ရက် နေ့က ထိုင်သပိတ် ပြုလုပ်တောင်း ဆိုနေခြင်းဖြစ်ပြီး စက်မှုဇုန်အတွင်းရှိ စက်ရုံလုပ်သားအချို့ကလည်း လာရောက်ဝန်းရံပူးပေါင်းလျှက်ရှိသည်။
စိန်ကမ္ဘာချည်မျှင်နှင့်အထည်စက်ရုံဝန်ထမ်း မအေးသန္တာက “စည်းကမ်းတွေက အရမ်းတင်းကြပ်ပြီး ထုတ်ထားတယ်။ စည်းကမ်းထုတ်တာကို လက်ခံပါတယ်။ ဒါပေမယ့်ရေသောက်တာ၊ အိမ်တာသွားတာ ကအစ ချုပ်ခြယ်ပြီး စည်းကမ်းကထုတ် ထားတယ်။ တစ်မိနစ်နှစ်မိနစ်ကြာတယ် ဆိုရင်ကို ဒဏ်ကြေး တပ်တယ်။ တချို့ဆို အလုပ်ပါထုတ်တာတွေရှိ တယ်။ အဓိကအဲဒါတွေကိုမကျေနပ်လို့ ဒီနေ့ ထိုင်သပိ်တ်လုပ်ပြီး ဆန္ဒဖော်ထုတ်တာပဲ။အားလုံးစိတ်တူကိုယ်တူ မခံနိုင်တော့လို့လုပ်ကြ တာပဲ။ ပြီးတော့ ကျွန်မတို့ ဒီမှာရှိတဲ့ အလုပ်သမားသမဂ္ဂ ကိုလည်း အသိအမှတ်မပြုဘူး။ “ဟု ပြောသည်။
ကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်ကြေးရရှိရေး၊ EC စာချုပ်အား အလုပ်ရှင်အလုပ်သမား သဘောတူညီမှု ရယူပြီးမှ ချုပ်ဆိုရေး ၊ထုတ်ပြန်ထားသော နို့တစ်စာများ ရုတ်သိမ်းပေးရေး၊ စက်ရုံအတွင်း ဖိနှိပ်မှုများ ပပျောက်ရေး၊ ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ဝင်ရောက် မစွက်ဖက်ရေး၊ သမဂ္ဂအဖွဲ့ဝင်များအပေါ် ခွဲခြားဆက်ဆံမှုမပြုရေး၊အလုပ်ထုတ်ခံအလုပ်သမားများ အလုပ်ပြန်လည်ရရှိရေး၊ ချုပ်ဆိုထားသော စာချုပ်များအား အလုပ်ရှင်မှ လိုက်နာရေး၊အလုပ်သမားသမဂ္ဂအား အလုပ်ရှင်မှသတ်မှတ်ပေးရေး ဒို့အရေး ဟူ၍ အလုပ်သမားများက ထိုင်သပိတ်ပြုလုပ်ကြွေးကြော် တောင်းဆိုနေကြသည်။
စိန်ကမ္ဘာချည်မျှင်နှင့်အထည်စက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးလည်းဖြစ် အဆိုပါစက်ရုံ၏ စက်ပိုင်ဆိုင်ရာပြုပြင်ထိန်း သိမ်းရေး အလုပ်သမားတစ်ဦးလည်းဖြစ်သူ ကိုနန်းထိုက်အောင်က “ကျွန်တော်တို့ အနေနဲ့ ညှိုနှိုင်းလို့မရမခြင်း ထိုင်သပိတ်ပြုလုပ် မယ်။ ပြီးတော့ အခုတောင်းဆိုနေတဲ့ သူတွေကိုလည်း အလုပ်မထုတ်ရဘူး။ အခုလို ဆန္ဒပြဖြစ်တာ စက်ရုံဘက်က အလွန်အမင်း အနိုင်ကျင့်လို့ဖြစ်တာပါ။”ဟု ပြောသည်။
မြန်မာနိုင်ငံစက်မှုလက်မှု ဝန်ဆောင်မှု အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကိုသက်နှင်းအောင်က “ကျွန်တော်တို့ပြေလည်တဲ့အထိ ညှိုနှိုင်းပေးမယ်။လိုက်လျှောသင့်တဲ့ စည်းကမ်း ချက်တွေကို ပယ်ဖျက်ခိုင်းမယ်။ အခုလောလောဆယ်တော့ အလုပ်ရှင်နဲ့ တွေ့ခွင့်မရသေးဘူး။”ဟု ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အလုပ်သမားညှိုနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အရာရှိတစ်ဦး ကလည်း “ကျွန်တော်တို့ညှိုနှိုင်းနေပါ တယ်။ ညှိုနှိုင်းနေဆဲဆိုတော့ ဘာပြောရမှာလဲ။ အဖြေသိဖို့ဆိုရင် ပြီးတဲ့အထိ စောင့်သွားပါ”ဟု မွန်းလွဲ ၃ နာရီ ခွဲတွင်ပြောသည်။
စိန်ကမ္ဘာချည်မျှင်နှင့် အထည်စက်ရုံမန်နေဂျာက “ကျွန်တော်မှာဖြေခွင့်မရှိဘူး။ ပိုင်ရှင်က ဖြေဖို့ခွင့်ပြု မထားဘူး။ “ဟုပြောသည်။
အဆိုပါစက်ရုံတွင် အလုပ်သမား ၄ဝဝ ခန့်ရှိပြီး ညှိုနှိုင်းမှုအဆင်မပြေပါက ထိုင်သပိတ် ဆက်လက် ဆင်နွှဲသွားမည်ဟု အလုပ်သမားများကဆိုသည်။
အလုပ်သမားခေါင်းဆောင်များအနေဖြင့် မွန်းလွဲ ၃ နာရီကျော်နေပြီဖြစ်သော်လည်း အလုပ်ရှင်နှင့် တွေ့ဆုံညှိုနှိုင်းခွင့်မ ရသေးသောကြောင့် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်လျှက်ရှိသည်။
အဆိုပါ ဆန္ဒပြမှုကို စက်မှုဇုန် ၂မှ အလုပ်သမားအချို့ကလည်း အနိုင်ကျင့်ခံနေရမှုကို မလိုလား၍ လာရောက်ဝန်းရံခြင်းများရှိကြောင်း လာရောက်ဝန်းရံ ပူးပေါင်းသူ မဆွေဆွေမြင့်က ပြောသည်။







