စီမံကိန်းပိုလျှံမြေများရောင်းချနေသာ မြေစာရင်းဦးစီးမှူးနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများကို အရေးယူပေးရန် တိုင်ကြား

စီမံကိန်းပိုလျှံမြေများရောင်းချနေသာ မြေစာရင်းဦးစီးမှူးနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများကို အရေးယူပေးရန် တိုင်ကြား
by -
မဇ္ဈိမ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာ၊ ရွေးစုကြေးရွာနှင့် ပုဏ္ဏားကုန်း ကျေးရွာတို့မှ ဒေသခံတောင် သူများ ပိုင်ဆိုင်ခဲ့သော ကွင်းအမှတ် (၅၀၇၊ ၅၀၉၊ ရ၀၄) တို့မှ  လယ်ယာ မြေဧက ရ၀၄ ဧကအား ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့က မန္တလေးနည်းပညာတက္ကသိုလ် တည်ဆောက်ရန်အတွက် သိမ်းယူထားရာ ဧက ၃ဝဝ သာ အသုံးပြုပြီး ကျန်မြေများကို ရောင်းချနေသဖြင့် အရေးယူပေးရန် တိုင်ကြားထားကြောင်း သိရသည်။

စီမံကိန်းပိုလျှံမြေပေါ်တွင် အကွက်များ ရိုက်ရောင်းချနေသူများအား အရေးယူပေးရန်နှင့် မြေများ ပြန်လည်စွန့်လွှတ်ပေး ရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မူလပိုင်ရှင် ၆၇ ဦးမှ လက်မှတ်ထိုး၍ တိုင်ကြားစာပေးပို့သွားမည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ တိုင်ကြားစာထဲတွင် မန္တလေးနည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်ပုသိမ်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကိုယ်ကျိုးအတွက် အကွက်များရိုက် ငှားရမ်းခြင်း များနှင့် ရောင်းချများပြုလုပ်နေခြင်းကို တားဆီးအရေးယူပေးရန်တို့ပါရှိသည်။

ပိုလျှံသော ဧက ၄ဝဝကျော်ကို မူလပိုင်ရှင်ဒေသခံတောင်သူများအား ပြန်လည်စွန့်လွှတ်ခြင်း မပြုလုပ်ဘဲ အကွက်များရိုက်၍ အဆောက်အဦးများတည်ဆောက်နေခြင်းကို ဒေသခံများက ဒီဇင်ဘာ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီတွင် စတင်တားဆီးမှုများပြုလုပ်ပြီး ဒေသခံများလက်ဝယ် ပြန်လည် စွန့်လွှတ်ရန် တောင်းဆိုလျှက်ရှိသည်ဟု ရှင်တော်ကုန်းကျေးရွာမှ ဧက ၂၀ သိမ်းယူခံထားရသူ ဦးတင်သောင်းက မဇ္စျိမသို့ ပြောသည်။

အကွက်ရိုက်ရောင်းချမှုကို သိန်းထောင်ချီပေး၍ ဝယ်ယူထားသူတစ်ဦး၏ ကိုယ်စားလှယ်တစ်ဦးက “ကျွန်တော့် သူဌေး ဝယ်ထားတာပါ။ ကျွန်တော်က လာပြီး ကြီးကြပ်ပေးရတာပါ။ အခုဆက်မလုပ်ဖို့   ဒေသခံတွေတားလို့ ခြံခတ်တာခဏရပ် ထားတယ်။ ပြဿနာဖြစ်မှာစိုးတဲ့ အတွက်ရပ်ထားတာပါ။ သိန်း တစ်ထောင်ကျော်တယ်။ ဒီလောက်ပဲသိတယ်။”ဟု ပြောသည်။

အဆိုပါ မြေများသိမ်းယူခဲ့စဉ်က နစ်နာကြေးလျှော်ကြေးပေးခဲ့ခြင်းမရှိဘဲ သိမ်းယူခဲ့ခြင်းကြောင့် အိမ်ထောင်စု ၂ဝဝ ကျော် အလုပ်လက်မဲ့ဖြစ်ကာ ယနေ့အချိန်အထိ တစ်ချို့အိမ်ထောင်စုဝင်များသည် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေရဆဲဖြစ်ပြီး တစ်ချို့မိသားစုဝင်များမှာ နေရပ်စွန့်ခွာသွား ကြသူများလည်း ရှိသည်ဟု ဦးဆောင်သူများနှင့် လယ်သိမ်းခံတောင်သူများက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ကျောင်းစီမံကိန်းအတွက်လုပ်တယ်ဆိုရင် ဘာမှမပြောဘူး။ မတောင်း ဆိုဘူး။ အခုဟာက ကျောင်းဧရိယာပြင်ပမှာပိုလျှံနေတဲ့မြေတွေကို ပြန်ရချင်တာပါ။ ဘာလို့ပြန် ရချင် လည်းဆိုရင် ခြံတွေလာခတ်ပြီး အဆောက်အဦးတွေဆောက်နေလို့ပါ။ အခုဆောက်နေတာတွေက ကုမ္ပဏီတွေဖြစ်နေတယ်။ ကျောင်းနဲ့လည်းမသက်ဆိုင်ပါဘူး”ဟု ဦးတင်သောင်းက ပြောသည်။

၅ ဧကသိမ်းဆည်းခံထားရသူ ဒေါ်ခင်မြင့်ကြည်က “ကိုယ်ပိုင်ခဲ့တဲ့မြေကို သူတောင်းစားလို ပြန်တောင်းနေရတယ်။ ပိုနေပြီပဲ ပြန်ပေးပေါ့။ အခုတော့ မပေးဘဲ ရောင်းစားနေတာကတော့   ပြည်သူကို ဆက်ပြီး နှိပ်စက်သလို ခံစားရတယ်”ဟု ပြော သည်။

အဆိုပါ ပိုလျှံမြေများကို ရောင်းချနေသူများအား အရေးယူပေးရန်နှင့် ပြန်လည်စွန့်လွှတ်ပေးရန်တို့ကို ဒီဇင်ဘာ ၁၅ရက်နေ့၊ မွန်းလွဲပိုင်းက မန္တလေးနည်းပညာတက္ကသိုလ်အနီး လန်းဆန်းအောင် ကဖေးတွင်   ဒေသခံများက သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်။

ပိုလျှံမြေများ အကွက်ရိုက်ရောင်းချထားနေမှုများနှင့် ပတ်သက်၍ မန္တလေးနည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့ နယ် မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး တို့နှင့်တွေ့ဆုံမေးမြန်းခွင့် ရရန် အတွက် မန္တလေးအခြေစ်ိုက် သတင်းထောက်များဖြစ်သည့် မဇ္စျိမ၊ DVB၊ RFA၊ ELEVEN၊ 7 DAY၊ VOICE၊ ကုမုန္ဒြာ၊ မော်ဒန်၊ မန္တလေးအလင်း၊ မန္တလေးခေတ်၊ ရွှေမန္တလေး စသည့် သတင်းထောက် များက ညနေရုံးဆင်းချိန်ထိတိုင် တွေ့ခွင့်မရခဲ့ပေ။

ဒေသခံတောင်သူများအနေဖြင့် တိုင်ကြားစာပ်ို့ပြီး ၁၀ ရက်အတွင်း သက်ဆိုင်ရာအကြောင်းပြန်ကြား လာခြင်းမရှိပါက အဆိုပါပိုလျှံ မြေများထဲသို့ ဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်မည်ဟု လယ်သိမ်းခံတောင်သူများက တစ်ညီတစ်ညွှတ်တည်း ဆိုကြသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...