၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်ကောက်ယူရာတွင်ချင်းလူမျိုးများအား ၅၃ မျိုး ပိုင်းခြားကာ ကောက်ယူ ခဲခြင်းကြောင့် နားလည်မှုလွဲမှားခြင်း၊ စိုးရိမ်စိတ်များဖြစ်ပေါ်ကာ အချင်းချင်း စိတ်ဝမ်းကွဲမှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ပြောသည်။
သန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ခဲ့သည့် ချင်းလူမျိုး ၅၃ မျိုးတွင် နာဂအပါအဝင် နာဂမျိုးနွယ်စု လေး ခု၊ မဏိပူရမျိုးနွယ်စု တစ်ခု၊ နေပါလီမျိုးနွယ်စု တစ်ခုပါ၀င်နေပြီး အတည်မပြုနိုင်သည့် မျိုးနွယ်စု နှစ်ခု ပါဝင်နေသည့်အပြင် ချင်းမျိုးနွယ်စု လေးခု အားနှစ်ကြိမ်စီရေးသားဖော်ပြထားခြင်း၊ မျိုးနွယ်စု အမည်မဟုတ်ဘဲ ဒေသမြို့အမည်များကို အမျိုးအမည်အဖြစ် ရေးသားထားခြင်းများ ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
"တွေ့ရှိချက်တွေကို လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လုပ်မယ့်သန်းခေါင်စာရင်း အမျိုးသားအဆင့် အကြံပေး ကော်မတီ အစည်းဝေးမှာ တင်ပြသွားမှာပါ။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေကို သန်းခေါင် စာရင်းကော်မရှင်က လက်ခံမယ်လို့ထင်ပါတယ်"ဟု ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)၏ ပဏာမ လေ့လာတွေ့ရှိချက်များ အရချင်းမျိုးနွယ်စု ၃၆ မျိုးသာ တွေ့ရှိရပြီး ယင်း ၃၆မျိုးတွင် မျိုးနွယ်စုများ၊ ဆွေမျိုးစုများ၊ မျိုးတူစုများရောနှောပါ၀င်နေသည့်အတွက် ချင်းလူမျိုး (၃၆)မျိုးရှိသည်ဟုလည်း မပြောဆိုနိုင်ကြောင်း အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင် က ပြောသည်။
"ချင်း ၅၃ မျိုးရှိတယ်ဆိုတာက မပြည့်စုံဘူး မှားနေတာတွေရှိတယ်ဆိုတာကို ပြောပြချင်တာပါ။ တကယ်လည်းပဲ နာမည်တူနေတာတွေ ရှိတယ်။ နောက်တစ်ခါ မှားနေတာတွေ ရှိတယ်။ လိုတာတွေ တော့ ကျွန်တော် တို့ ထပ်မဖြည့်တော့ဘူး။သူတို့ ပြောထာ းတဲ့ ၅၃ ထဲ ကပဲ တူနေတာတွေရယ် မှားနေတာတွေရယ်ကို ပြင်ဆင်လိုက်တဲ့အခါ မှာ ၃၆ မျိုးထွက်လာတယ်။ လေ့လာဆန်းစစ်မှုတွေ ထပ်လုပ်ပါမယ်။ အဲဒီကတွေ့ရှိလာတဲ့ အချက်တွေကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို တင်ပြမယ်" ဟု ဆလိုင်းအောင်မင်းလှိုင် က ပြောသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)အနေဖြင့် ချင်း မျိုးနွယ်စုအရေအတွက်နှင့် ပတ်သက်၍သော် လည်းကောင်း၊ ၂၀၁၆ နှစ်ဆန်းပိုင်းတွင် ဗဟို သန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်မည့် တိုင်းရင်းသားလူမျိုး အမည်စာရင်းရရှိသော အခါချင်း လူမျိုးများ အကြား မလို လားအပ်သော ရှုပ်ထွေးမှုများထပ်မံမဖြစ်ပေါ်လာစေရန် ချင်းပြည်နယ် အတွင်းအပြင် ဒေသအချို့တွင် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးညှိနှိုင်းပွဲများကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်မတူပီ၊ မင်းတပ်၊ကန်ပက်လက်၊ ပလပ်ဝ၊ ကလေးမြို့ စသည့် မြို့များတွင်ဆောင်ရွက်ပြီး လေ့လာတွေ့ရှိချက်များကို ချင်းပြည်နယ် လွှတ်တော်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်သို့ တင်ပြသွား မည် ဖြစ်ကြောင်း သိရသည်။







