ဟားခါးမြို့နယ် သဘာဝဘေးသင့်ကျေးရွာအချို့ စောလျင်စွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဩဂုတ်လမှ အကူအညီပေးခဲ့သည့် အခြေအနေများကို ဒီဇင်ဘာ ၁၄ရက်နေ့က လေ့လာ ကြည့်ရှုရာတွင် ဟားခါးမြို့ အခြေစိုက် UNDP ရဲ့ Livelihood and Social Cohesion အရာရှိ ဦးတင်ငြိမ်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျတော်တို့ ဟားခါးမြို့နယ်မှာ ကျေးရွာ (၅) ခုကို ကူညီခဲ့တယ်။ အခုဆိုရင် ကျေးရွာ (၅) ခုထပ်ချဲ့ တော့ ကျေးရွာ (၁၀)ခု ဖြစ်သွားပြီ။ အဲဒီကျေးရွာမှာ ရှိကြတဲ့ အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စု အဖွဲ့ ဖွဲ့စည်းပြီးတော့ သူတို့ကိုလည်း ကူညီသွားဖို့ စီစဉ်နေပါတယ်”ဟု ဦးတင်ငြိမ်းက ဆိုသည်။
သဘာဝသင့် ကျေးရွာများ၏ ပျက်စီးသွားခဲ့သည့် ရေသွယ်မြောင်းများ ပြင်ဆင်ပေးခြင်း၊ (၄) လမ်းများ ဖောက်လုပ်ပေးခြင်း၊ ဝင်ငွေ ရရှိနိုင်သည့် ဝက်၊ ကြက်များ မွေးမြူနိုင်ရန် အရင်းအနှီး ထုတ်ပေးခြင်း စသည့် လုပ်ငန်းအတွက် အကူအညီပေးခြင်းဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့ UNDP အနေဖြင့် လက်လှမ်းမှီနိုင်သည့် Loklung, Chun Cung, Hriarlawn, Bualtak, Tiphul, Buanlung, Tinam, Cinkhua, Aive နှင့် Rinpi ကျေးရွာများကို ထောက်ပံ့ကူညီခြင်း ဖြစ်ကြောင်း သိရသည်။
ရွာချင်းဆက်လမ်းနှင့် ပျက်စီးခဲ့သည့် ရေသွယ်မြောင်းများ ပြုပြင်ရာတွင် ကျေးရွာ ပြည်သူလူထုကို တနေ့ ကျပ်ငွေ- ၆ဝဝဝ/- နှုန်းဖြင့် လုပ်အားခပေးပြီး ယင်းလုပ်ငန်းကို သက်ဆိုင်ရာ ကျေးရွာ စောလျင်စွာ ပြန်လည်ထူထောင်ရေးကော်မီတီက ဦးဆောင်ကာ အကောင်အထည်ဖေါ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျေးရွာရှိ အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စု အဖွဲ့အတွက် ကြက် မွေးမြူရေးနှင့် ဝက်မွေးမြူရေး လုပ်ငန်းများကို စတင်ကူညီရန်ရှိကြောင်း UNDP တာဝန်ရှိသူက ဆိုသည်။
“အခုလုပ်ငန်းတွေ ပြန်စစ်ဆေးလေ့လာတဲ့အခါမှာ အားနည်းချက်တွေရှိတယ်။ အထူးသဖြင့် မွေးမြူရေး လုပ်ငန်းလေးတွေ မှာပေါ့။ ကျေးရွာတွေကနေ တင်လာတဲ့အခါမှာ ကျတော်တို့ရုံးမှာ သက်ဆိုင်ရာ မွေးမြူရေး၊ စိုက်ပျိုးရေးဌာနကနေ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးတော့ သူတို့က အကြံပြုတဲ့အတိုင်း ရွာတွေမှာ ချပြတယ်”ဟု ဦးတင်ငြိမ်းက ဆိုသည်။
သို့သော် အချို့နေရာများမှာ သမာရိုးကျ အနေအထားဖြင့်သာ မွေးမြူကြပြီး ရောင်းရမည့် အချိန်နောက်ကျကာ မွေးမြူရေးလုပ်ငန်း လုပ်သူများ ဝင်ငွေရရှိမှု နည်းလာမည်ဖြစ်သောကြောင့် UNDP အနေဖြင့် မွေးမြူရေး လုပ်ငန်းလုပ်သူများများကို သီးသန့် သင်တန်းများပေးပြီး လုပ်ဆောင်ပေးဖို့စီစဉ်နေကြောင်း သိရသည်။
UNDP အနေဖြင့် ၁၉၉၇ ခုနှစ်က စတင်ကာ ချင်းပြည်နယ် ဟားခါးမြို့မှာ ရုံးစိုက်ပြီး ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းအကောင်အထည် ဖေါ်ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ ယခုဆို ရုံးလုပ်သား အရည်အတွက် နည်းပါးသောကြောင့် ၎င်း၊ ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် ၎င်းလုပ်ငန်း နှောက်နှေးမှု ရှိနေသည်ကို တွေ့ရှိရသည်။







