ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ၂၇၅၅ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ခလယ်-တံခွန်တိုင်းကျေးရွာတွင် ကျင်းပမည်

ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ၂၇၅၅ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ခလယ်-တံခွန်တိုင်းကျေးရွာတွင် ကျင်းပမည်
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် လုံးဆိုင်ရာ ၂၇၅၅ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ခလယ်-တံခွန်တိုင်ကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဝင်းရော်ဒေသ ကရင် နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီနာယက မန်းတင်ငြိမ်းချမ်းက ကေအိုင်စီသို့ ဒီဇင်ဘာ ၁၂ရက်နေ့က ပြောသည်။

မြို့နယ်အဆင့် ရ၈ ကြိမ်မြောက်ပြုလုပ်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ခလယ်-တံခွန်တိုင် ကျေးရွာတွင်ကျင်းပရန် အလှည့်ကျခြင်းဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ခလယ်ကျေးရွာ အုပ်စု၊ တံခွန်တိုင် ကျေးရွာအုပ်စု၊ တောင်ဒီးနှင့် ကျံုခဝန်ကျေးရွာအုပ်စုများအတွင်းရှိသည့် ကျေးရွာ ပေါင်း အနည်းဆုံး ၂၀ ခန့် ပါ၀င်ကာ ယခင်နှစ်များထက်စည်ကားစွာ ကျင်းပရန် စီစဉ်နေကြောင်း ကျင်းပရေးကော်မတီက ပြောသည်။

ဝင်းရော်ဒေသ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ နာယက မန်းတင်ငြိမ်းချမ်းက “ကျနော်တို့ ဒီနှစ်ကျင်းပမယ့် နှစ်သစ်ကူးအတွက် ဆပ်ကော်မတီတွေဖွဲ့တယ်။ ယဉ်ကျေးမှုကော်မတီ၊ အားကစားကော်မတီ၊ ဧည့်ခံကြိုဆိုရေး ကော်မတီ အပါအဝင် ကော်မတီ ၁၀ ခုလောက်ဖွဲ့ထားတယ်။ ကျေးရွာတွေ စည်းစည်းလုံးလုံးနဲ့ အရင်နှစ်ထက် စည်စည်ကားကားဖြစ် အောင်ကျင်းပဖို့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်သစ်ကူးပွဲတော်ကို ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန်အတွက် လက်ဝှေ့၊ ဘောလုံး၊ ခြင်းလုံးအား ကစားနည်း ပြိုင်ပွဲများ၊ ရိုးရာကစားနည်းများဖြစ်သည့် ချောတိုင်တက်ပြိုင်ပွဲတို့အပြင် ယဉ်ကျေးမှု ပြခန်းနှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲများကို ယခုနှစ်တွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်း ပရေးကော်မတီထံမှ သိရသည်။

ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ် ပြာသိုလဆန်း(၁) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူး ပွဲတော်ကို ခလယ်-တံခွန်တိုင်ကျေးရွာတွင် (၃) နှစ်ဆက်တိုက်ကျင်းပသွားရမည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်များက ဝင်ရော်ဒေသကိုယ်စားပြု ဖားပြကျေးရွာတွင် အလှည့်ကျ ကျင်းပခဲ့ပြီး ဖြစ်သည်။

တောင်ဒီးကျေးရွာ အုပ်ချုပ်ရေးမှူး မန်းအောင်မင်းက “ကျနော်တို့ ဒီဘက်နယ်မှာ အစဉ်အလာရှိနေတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပတာ ဒီနှစ်ဆိုရင် (၇၈)ကြိမ်တောင် ရောက်ပြီ။ ဒီအစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်းသွားဖို့ ကျနော်တို့ မဖြစ်ဖြစ်အောင် ဒီထက်မက လုပ်ဆောင်ရမှာ ဖြစ်သလို နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေကို ရှေ့ဆောင်ပြီးလုပ်ပြဖို့က အားလုံးမှာလည်း တာဝန်ရှိပါတယ်”ဟု ပြောသည်။

၁၉၃၇ ခုနှစ်တွင် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်အမျိုးသားနေ့ တရားဝင်သက်မှတ်နိုင်ရေး အတွက် အင်္ဂလိပ်အစိုးရထံ တောင်းဆိုလာခဲ့ရာ အမျိုးသားနေ့အစား ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖြစ် ၁၉၃၈ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မြန်မာတစ်နို်င်ငံလုံးတရားဝင်ရုံးပိတ်ရက်အဖြစ် ပြဌာန်း ပေးခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယခုနှစ် ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် မြဝတီမြို့နယ် အတွင်းရှိ ရွှေက္ကိုလ်တွင် ကျင်းပသွားမည်ဖြစ်သလို ဖားအံမြို့နယ် တောင်ကလေး၊ ဘုရားသုံးဆူနှင့် ခလယ်-တံခွန်တိုင် တိုက်နယ်တို့တွင်လည်း အသီးသီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...