"စည်ပင်တာဟောင်း ကြံ့ခိုင်ရေးအဆင့်မြှင့်တင်ဖို့ကော်မတီဖွဲ့ပြီးလုပ်ဆောင်ပါတယ်။ ထွေအုပ်ပါတယ် (မရက)၊ ဆည်မြောင်း၊ ဖွံ့ထောက်အဖွဲ့တွေအကုန်လုံးပါတယ်။ စုစုပေါင်း ၈ဖွဲ့လောက်တော့ရှိမယ်။ မနေ့က ကြည့်လိုက်တာ အိမ်၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံး အကုန်ဖယ်မှာ၊ တစ်ချို့အိမ်တွေက ခြံစည်းရိုးတင် ဖယ်ရမှာ မနေ့က အကိုတို့စစ်လိုက်တော့ အဓိကဖယ်ရမှာက အဆောက်အဦး ၃၉ ခုပေါ့"ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာ ၁၂ရက်နေ့အထိ ကောက်ယူရရှိထားသည့် စာရင်းများအရ တာအဆင့်မြင့် တင်မြေဖို့ခြင်း ကြောင့် တာဘေးရှိ ဆည်မြောင်းဦးစီးဌာနက ကျူးကျော်ဟုယူဆထားသော အိမ်ငယ်များ၊ ဓမ္မာရုံ၊ ဈေးဆိုင်ငယ်များနှင့် ရပ်ကွက်ရုံးစုစုပေါင်း ၂၄၂ လုံးအထိ ဖျက်ရွှေ့ပြောင်းရမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင်လည်း ဖယ်ရှားပေး ရမည့်စာရင်းများကို အတိအကျရရှိရန် ထပ်မံကောက်ယူနေကြောင်း ဟင်္သာတ ခရိုင်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
ဖယ်ရှားပေးရမည့် အဆောက်အဦးများနှင့်ပတ်သက်ပြီး မည်သို့ စီမံဆောင်ရွက်ပေးမည်ကိုမူ မသိရှိရ သေးပေ။
ယခင်တာဟောင်းအား ထိပ်ဝအကျယ် ၁၂ပေနှင့် အမြင့် ၅ ပေ ထပ်မံတိုးမြင့်တည်ဆောက်ပြီး တာ၏ မြစ်ဘက်အခြမ်းနှင့် မြို့ဘက်အခြမ်း တစ်ဘက်တစ်ချက်စီတွင် ထိပ်ဝအကျယ် ၁၂ ပေရှိသော တာ ထောက်၂ ခုကိုလည်း ထပ်မံတည်ဆောက်မည်ဟု ဟင်္သာတ ခရိုင်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
အဆိုပါ တာထောက်၂ခုပေါ်တွင် မြို့စည်ပင်သာယာရေး ရံပုံငွေဖြင့် ကျောက်ခင်းလမ်း ခင်းကျင်းပေး မည်ဖြစ်ကြောင်း ဟင်္သာတခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဆန်းဌေးက ပြောကြားချက်အရ သိရသည် ။
အလျား ၈၅၅၇ အမြင့် ၁၈ပေ ပျမ်းမျှ ထပ်ဝအကျယ် ၁၃ပေရှိသော အဆိုပါ စည်ပင်တာဟောင်းသည် ဟင်္သာတမြို့နယ်ရေဘေးကာ ကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ၁၉၉၂ခုနှစ် တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် ဆည်မြောင်းဦးစီးဌာန သို့ စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ရေတားတာကို ဆည်ဖို့ရန်အတွက် တာအနီးရှိ ကိုင်းမြေများမှ မြေများကိုဝယ်ယူကာ မြေဖို့နိုင်ရန် လျာထားပြီး ကိုင်းပိုင်ရှင်များနှင့် ညှိုနှိုင်းခြင်းများပြုလုပ်နေသည်ဟုလည်း ဦးသာယာက ဆိုသည်။
"အဓိက အခက်အခဲကတော့ မြေဖို့ဖို့ ဖို့မြေအခက်အခဲရှိနေတာပါ ကိုင်းပိုင်ရှင်တွေက မရောင်းချင်တဲ့ အတွက် မြေဖို့ဖို့မြေလိုက်ရှာနေ ရတာပါ။ မြို့ဘက်ကမြေတွေယူရင် သယ်တဲ့လမ်းတစ်လျောက် အိမ်တွေ ဖုန်တက်မယ်။ ယာဉ်ကြီးတွေသွားမှာဖြစ်တဲ့ အတွက် ကျောင်းသား/သူတွေ ပြည်သူတွေ အတွက် ယာဉ်အန္တရာယ် ရှိပါတယ်"ဟု ၎င်းက ဆိုသည်။
"ယခုပြုပြင်မည့်တာသည် ဧရာဝတီတိုင်းအတွက် အရေးပါသည့် ရေကာတာတစ်ခုလည်းဖြစ်ပါတယ်။ ဒီတာက အရေးကြီးပါတယ် အရင်က ဒီတာကို ထိန်းသိမ်းဖို့စည်ပင်မှာလည်း ရံပုံငွေမရှိခဲ့တဲ့အတွက် ပစ်ထားသလို ဖြစ်ခဲ့ပါတယ်။ ရုတ်တရက်ရေကြီးလာရင် လက်ရှိတာက ခံနိုင်မှာ မဟုတ်ပါဘူး။ ဂလိုင် ပေါက်တို့ ကြွက်တွင်းတို့ အပေါ်ရံထိပ်လေးတွေအက်နေတာတို့ ရှိတာပေါ့ ဒီတာကျိုးရင် ဟင်္သာတ မြို့ထဲကို ရေတွေဝင်လာမယ် မြို့ထဲမှာ ထပ်ခံထားတဲ့ တာတွေကလည်း ရေမထိတာကြာပြီ ဖြစ်တဲ့ အတွက် အရှိန်နဲ့ဝင်ဆောင့်တဲ့ဒဏ်ကို ခံနိုင်ဖို့ ကာကွယ်နိုင်ဖို့ခက်ခဲပါမယ် အဲ့ဒီတာနောက်မှာ ဧက ၅သိန်း ရှိပါတယ် ။ ဟင်္သာတက ဧရာဝတီတိုင်းအတွက် ခေါင်ပါ ။ ဒီတာတွေကျိုးပေါက်သွားရင် ဧရာဝတီမြစ်နဲ့ ငဝန်မြစ် ကြားရှိတဲ့ မြို့နယ်တွေကို ရေတွေဖြန့်စီး သွားပြီး ဟင်္သာတမြို့အောက်ပိုင်းက မြို့နယ်တွေကို ရေလွှမ်းသွားနိုင်ပါတယ်" ဟု ဆည်မြောင်းအရာရှိတစ်ဦးကပြောသည်။
ကိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလှစိုးကမူ "ကျနော့်ကိုင်းမရောင်းချင်ပါဘူး အခုပေးတဲ့ငွေက သားစဉ် မြေးဆက် မစားနိုင်ပါဘူး သူတို့ အလံစိုက်ထားပုံအရ ကျနော့်ကိုင်းတစ်ဦးတည်း ၄ ဧကကို တစ်ဝက် လောက်ပါနေပါတယ်"ဟု ပြောကြားသည်။
အဆိုပါရေကာတာနှင့် ပတ်သက်ပြီး ပြောင်းရွှေ့ရမည့်အိမ်များအတွက် နစ်နာမှု၊ ရေတား တာမြေဖို့ နိုင်ရေး မြေကြီးဝယ်ရန်သုံးစွဲငွေ များနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး စီမံကိန်းအား၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင်စတင်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်ရန် လျာထားကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။







