လိုင်ဇိုးကျေးရွာ အုပ်စုမှ ထန်နရားရ်တောင်ရွာ နှင့် မြောက်ရွာ၊ ဘိုင်လာ၊ ကားလ်ရော်န် စသည့် ကျေးရွာ ၄ ရွာတို့သည် ဖလမ်းခရိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ခွင့်ပြုထားပြီးဖြစ်သော မြေနေရာ အသစ်တွင် ပြောင်းရွှေ့ရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းပြီးဖြစ်သော်လည်း မြို့နယ်စည်ပင်မှူးဦး Hlawn Sa Vung က ကန့်ကွက်နေခြင်းဖြစ်သည်။
“ကျနော်တို့မြေနေရာတောင်းထားတဲ့ နေရာကို ခရိုင် နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကွင်းဆင်းပြီး ဒီနေရာက နေရာကောင်း တယ်။ မြန်မြန်တောခုတ်လိုက် မြေစာရင်းနေရာချပေးထားဆိုပြီး အမိန့်ထုတ် တယ်။ အဲဒါနဲ့ မြို့နယ်မြေ စာရင်းဌာနကနေ ဒီနေရာ၊ ဒီနေရာတွေက လွတ်တယ်၊ တောရှင်း လို့ရတယ် ဆိုပြီး ခွင့်ပြုချက်ရတာနဲ့ ကျနော်တို့ ၄ ရွာကနေ ၂ ရက်တိတိ တောကို ခုတ်ထွင်ရှင်းလင်းကြတယ်။ အဲလို ရှင်းလင်းပြီးတဲ့ အချိန်မှာပဲ စည်ပင်မှူးက ကန့်ကွက်လိုက်တာပါ’’ဟု လိုင်ဇိုး ကျေးရွာအုပ် စုပြောင်းရွှေ့ရေးအဖွဲ့မှတာဝန် ရှိသူတစ်ဦးက ပြောသည်။
မြို့နယ်စည်ပင်မှူးဦး Hlawn Sa Vung သည် အဆိုပါ ၄ ရွာမှ ရွာလူကြီး ၃ ဦးကို ဖလမ်းမြို့ပေါ်သို့ ခေါ်ဆိုကာ ၎င်းတို့ပြောင်း ရွှေ့ရန်စီစဉ်ထားသော မြေနေရာသည် အလွန်ကောင်းမွန်သော နေရာ ဖြစ်ပြီး မြို့သစ်စည်မံကိန်းအတွက် လျာထားပြီးဖြစ်သည့်အတွက် ကန့်ကွက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ဟု သိရသည်။
“မြို့သစ်စည်မံကိန်းအတွက် လျာထားတဲ့နေ ရာဖြစ်တယ်။ အဲဒီနေရာမှာ ခင်များတို့နေလိုက်တယ် ဆိုရင် ရန်ကုန်၊ မန္တလေးဘက်က သူဌေးကြီးတွေက ဘယ်လိုနဲ့စိတ်ဝင်စား မှုရှိတော့မှာလဲ ဆိုပြီး ပြောတယ်။ ဒါနဲ့ ကျနော်တို့ အငြင်းအခုန်ဖြစ်ကြတယ်။ ကျနော်တို့လည်း သဘာဝဘေးဒဏ်ကြောင့် မလွဲမရှောင်သာနဲ့ ပြောင်းရွှေ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးက သူဌေးတွေထက် ကျနော်တို့ အခြေအနေက ပိုပြီးတော့ အရေးတကြီးဖြစ်နေပါတယ်ဆိုပြီး ကျနော်တို့ ပြန်ပြောလိုက်တယ်’’ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။
ထို့အပြင် စည်ပင်မှူး သည် အဆိုပါမြေနေရာ တွင် ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ရန်ဟူ၍ လည်းကောင်း၊ အထက်တန်းကျောင်း နှင့် အဆင့်မြင့်အားကစား ကွင်းဆောက်လုပ်ရန်ဟူ၍ လည်းကောင်း အမျိုးမျိုးပြောဆိုနေပြီး ဘာတစ်ခုမှ ရေရေရာရာ တိတိကျကျပြောဆိုနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“စည်ပင်မှူးက ကန့်ကွက်လာတဲ့ ပုံစံက မရိုးသားဘူး လူလည်လုပ် ချင်တဲ့သဘောလို့ ကျနော်တို့ မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရွေးချယ်ထားတဲ့ မြေနေရာက အတော်လေးကောင်းနေတော့ ဖလမ်းဘက်က သူဌေးတွေနဲ့ ပြည်မဘက်က သူဌေးတွေက အဆောက်အဦးတွေဆောက်ချင်လို့ အကွက်ဆင်တာ ဖြစ်နိုင်တယ်’’ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။
လိုင်ဇိုးကျေးရွာအုပ်စုမှ ကျေးရွာ ၄ ရွာမှ ပြောင်းရွှေ့ရန်စီစဉ်ထားသော မြေနေရာသည် လုံပီး နှင့် ဇာလိုင်ကျေးရွာအကြားတွင် တည်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက မိုးများပြီး မြေပြိုကျမှုကြောင့် ဖလမ်းမြို့နယ်တွင် သဘာဝဘေး ဒဏ်သင့် ကျေးရွာပေါင်း ၂၀ ကျော်ရှိခဲ့သည်ဟု သိရသည်။







