ဂျရာယန်(Ja Ra Yang) ကျေးရွာအနီး KIA တပ်ရင်း(၆) ရှေ့တန်းစခန်းရှိရာသို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းကြောင့် နံနက် ၆နာရီခန့်မှ တိုက်ပွဲစတင်ဖြစ်ပွားကာ (၁၀)မိနစ်ကျော် ကြာကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူက KNG သို့ အတည်ပြုပြောသည်။
အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၄၂၁ နှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တပ်အပြောင်းအလဲ ခေါင်းစဉ်ဖြင့် ဂျရာယန်(Ja Ra Yang)ရွာဘက်ကို အစိုးရတပ် အင်အား ဖြည့်တင်း လာပြီးနောက် KIAနှင့် တိုက်ပွဲဖြစ်လာကြောင်း၊ အစိုးရတပ်များ ဆက်လက် တိုက်ခိုက်လာလျှင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) တပ်ရင်း(၂)၊ တပ်ရင်း(၈)နှင့် တပ်ရင်း(၃၆) နယ်မြေများတွင်လည်း အစိုးရတပ်များနှင့် နိုဝင်ဘာ ၂၉ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ဆက်လက် ပြောဆိုသည်။
ယခုလုပ်ရပ်သည် အစိုးရတပ်၏ KIA ကို တိုက်ခိုက်ခြင်း သက်သက်ဖြစ်ပြီး KIA မှ ကောင်းကောင်း တုံ့ပြန်တိုက်ခိုက်လာလျှင် အစိုးရတပ် အပြင်းအထန်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပြောသည်။
စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုဝင်ဘာ ၈ ရက်နေ့၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာ မလွှဲပြောင်းမီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးသေးသော KIA နှင့် ရှမ်းပြည်နယ်ရှိ အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို လေကြောင်း အကူညီဖြင့် တိုက်ခိုက်ခဲ့သည်။
ယခုအချိန်ထိ KIA အနေဖြင့် အစိုးရတပ်ကို စတင်တိုက်ခိုက်ခြင်း မပြုဘဲ အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ရှောင်ပေးနေရကြောင်း သိရသည်။







