ချင်းပြည်နယ်တွင် အမျိုးသမီးကိုယ်စား လှယ်လောင်း ၂၃ ဦးအနက် ၃ ဦးသာ အနိုင်ရရှိ

ချင်းပြည်နယ်တွင် အမျိုးသမီးကိုယ်စား လှယ်လောင်း ၂၃ ဦးအနက် ၃ ဦးသာ အနိုင်ရရှိ
by -
ခိုနူမ်းထုန်
နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၃ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့်အနက် အမျိုးသားလွှတ်တော်အတွက် ၂ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁ နေရာ စုစုပေါင်း အမျိုးသမီး ၃ ဦးသာ အနိုင်ရရှိခဲ့ကြသည်။

အနိုင်ရရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသမီးများမှာ ဇိုမီးဒီမိုကရေစီ အဖွဲ့ချူပ် ZCD ပါတီမှ တွန်းဇံမြို့နယ် အမျိူးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ဒေါ်ကျင်ငိုက်မန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီမှ ထန်တလန်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်နီရွှေလျန်နှင့် ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်တို့ ဖြစ်ကြသည်။

ချင်းပြည်နယ်တွင် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးသာအနိုင်ရရှိခြင်းသည် အရေအတွက်အားဖြင့် ကြည့်မည်ဆိုပါက အလွန်နည်းပါးပြီး အားရကျေနပ်စရာမကောင်းကြောင်း၊ ယင်းကိစ္စကြောင့် အမျိူးသမီးအခွင့် အရေး ပိုင်းဆိုင်ရာနစ်နာမှုတွေရှိလာ နိုင်သည်ဟု ဟားခါးမြို့ ပြည်နယ် မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ချင်းဒီမိုကရေ စီအဖွဲ့ချူပ်မှ ဒုဥက္ကဌ ဒေါ်ဆုန်ဇီးမန်က ပြောသည်။

“အမျိုးသမီးအခွင့်အရေးတွက် နစ်နာမှုရှိမယ်။ အမျိုးသမီးအခွင့်အရေးဆိုတဲ့နေရာမှာ အခုမျိုးစောင့် ဥပဒေတို့ဘာတို့ပေါ့နော်။ လွှတ်တော်အတွင်းကနေ ချင်းအမျိူးသမီးဘက်ကနေ ပါ၀င်ဆွေးနွေးနိုင်မှု အားနည်းသွားမယ်။ ပြီးတော့ အမျိုးသမီးဆိုတာ ကလေးသူငယ်နဲ့လည်း ပတ်သက်မှုရှိတယ်ပေါ့နော်။ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဥပဒေပိုင်းမှာလည်း အားနည်းသွားနိုင်တယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေဆိုတာက မိခင်စိတ် ရှိကြတယ်။ တရားမျှတခြင်းလည်း ရှိတယ်။ ငြိမ်းချမ်းခြင်းမှာလည်းအမြဲ ပါ၀င်နိုင်မှုရှိတဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပဲ ဖြစ်ဖြစ်ပေါ့ နော်။ ဦးဆောင်ပါဝင်နိုင်မယ့် လူတွေ၊ လူ့အခွင့်အရေးမှာပဲဖြစ်ဖြစ် ပါ၀င်နိုင်မယ့်လူတွေအများကြီး ဆုံးရှုံးနစ်နာသွားတဲ့အခါမှာ ပြည်သူလူထု အနေနဲ့လည်း နစ်နာမှုအများကြီးရှိလာနိုင်တယ်’’ဟု ဒေါ်ဆုန်ဇီးမန်က ပြောသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ချင်းအမျိူးသားဒီမိုကရက်တစ် CNDP ပါတီမှ ထန်တလန် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ဒေါ်ဇာတလိမ်းသာ အနိုင်ရရှိခဲ့သည်။

ယခုနှစ်၌မူ ချင်းအမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေ အဆမတန်မြင့်တက်လာသော်လည်း ၃ ဦးသာ အနိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၀ အနိုင်ရ ဒေါ်ဇာတလိမ်းသည် ယခုနှစ်ရွေးကောက်ပွဲတွင် ယခင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်မြေမှ ပြန်လည်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်လောင်း ဒေါ်နီရွှေလျန်းကို မယှဉ်နိုင်ဘဲ ဆုံးနိမ့်သွားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၁ ဦး ရှိခဲ့ပြီး အမျိုးသားလွှတ်တော်မှာ ၂၃ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၄၄ ဦး နှင့် ပြည်နယ်လွှတ်တော်မှာ ၈၄ ဦး စုစုပေါင်း ၁၅၁ ဦးအနိုင်ရရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စာရင်းအရ သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...