ဟားခါးမှာ ပေါက်ကွဲမှုဖြစ် လူ ၆ ဦးပွဲချင်းပြီးသေဆုံး ၉ ဦးဒဏ်ရာရ

ဟားခါးမှာ ပေါက်ကွဲမှုဖြစ် လူ ၆ ဦးပွဲချင်းပြီးသေဆုံး ၉ ဦးဒဏ်ရာရ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်၊ ဟားခါးမြို့ စျေးသစ်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် နိုဝင်ဘာ ၂၂ရက်နေ့ည၊ ၁၀ နာရီခွဲ ခန့်က ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားကာ လူ ၆ ဦး ပွဲချင်းပြီး သေဆုံးပြီး ၉ ဦးဒဏ်ရာ ရရှိသည်ဟု သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် စျေးသစ်ရပ်ကွက် သီတာလမ်းတွင်ရှိသော ဦးယောနသန်နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်ထပ်တွင် အိမ်ငှားအဖြစ် နေထိုင်သော Pu Neng Cin မိသားစု နှင့် ၎င်းတို့ ဧည့်သည်တစ်ဦး စုစုပေါင်း ၆ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဟားခါးမြို့မိဖြို့ဖ ဦးရွှေထီယိုက ပြောသည်။

“၁၀ နာရီမိနစ် ၄၀ လောက်မှာ ပေါက်ကွဲမှုကဖြစ်တာ အိမ်ကတော့ တစစီဖြစ်သွားတယ်။ အိမ်ရှင် ဦးယောနတို့ကတော့ ခရီးထွက်သွားတော့ မရှိကြဘူး၊ ပေါက်ကွဲမှုက တော်တော်ပြင်းထန်တယ် အဲဒီ ပေါက်ကွဲတဲ့အိမ်ကနေ ကိုက် တစ်ထောင် လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ဘုရားကျောင်း မှန်ပြူ တင်းပေါက်တွေ တောင်အကုန်ကွဲကျကုန်တယ်၊ အနီးအနားမှာရှိတဲ့ အိမ်တွေကတော့ တော်တော် ပျက်စီးကုန်တယ်’’ဟု ဦးရွှေထီယိုက ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ Pu Neng Cin(70), Pi Far Pen(64), Biak Cer Cin (35), Sui Hnem Thluai (20), Zing Hnem Sung (6) နှင့် ထန်တလန်မြို့နယ်ဘက်မှ ရောက်လာသော ၎င်းတို့ဧည့်သည် Pi Thong Thluai (50) တို့ ဖြစ်သည်။

ထို့အပြင် အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးအနားရှိလူနေအိမ် ၅ လုံးခန့် နှင့် ပေါင်မုန့်ကားတစ်စီး၊ ဂျစ်ကားတစ်စီး ပျက်စီးသွားသည်ဟု သိရသည်။

ယခုပေါက်ကွဲမှုသည် မည်သည့်ဗုံးအမျိူးအစားဖြစ်သည်ကို မသိကြသေးသော်လည်း ကျောက်ခွဲမှိုင်း အမျိုးအစားဖြစ်နိုင် ကြောင်း အဆိုပါနေအိမ်တွင် ကျောက်ခွဲမှိုင်းများသိုလောင်ထားပုံရပြီး ထိုမှတဆင့် မတော်တဆပေါက်ကွဲမှုဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ဟားခါးမြို့ပေါ်မှ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...