မိုးညှင်း မြို့ပြင်တွင် KIA နှင့် အစိုးရ တပ်အကြား တိုက်ပွဲဖြစ်ပွားနေ

မိုးညှင်း မြို့ပြင်တွင် KIA နှင့် အစိုးရ တပ်အကြား တိုက်ပွဲဖြစ်ပွားနေ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပြင် Loi Yang Bum တောင်ခြေတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်အကြား ယနေ့ နံနက်ပိုင်း ၈နာရီကျော်မှ မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။

မြို့ပတ်လမ်းတွင် နေရာယူထားသော အစိုးရ သံချပ်ကာတပ်နှင့် အမြောက်တပ်များမြို့၏ အရှေ့ဘက် KIA တပ်မဟာ(၈) တပ်ဖွဲ့များရှိရာ Loi Yang Bum ဘက်သို့ လက်နက်ကြီးများဖြင့် ၁နာရီခန့် ပစ်ခတ် ပြီးနောက် တောင်ခြေတွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားလာကြောင်း ဒေသခံများက ဆိုသည်။

၎င်းတောင်ခြေဘက်တွင် ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင်လည်း နှစ်ဖက်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

လေကြောင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်နှင့် အမြောက် နက်လက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် KIA တပ်များ ဆုတ်ခွာပေးသော Loi Yang Bum တောင်ပေါ်မှ KIA တပ်မဟာ(၈) ဌာနချုပ်သို့ ယမန်နေ့၊ နေလည်ပိုင်းတွင် အစိုးရတပ်များ ဝင်ရောက်လာသည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ KIA ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒု-ဗိုလ်မှူးကြီး နော်ဘူက ကချင်သတင်းဌာန KNG သို့ အတည်ပြုပြောဆိုသည်။

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် KIA မှ တိုးချဲ့ဖွဲ့စည်းသော တပ်မဟာ(၈)ကို အစိုးရက လေတပ်၊ သံချပ်ကာတပ်၊ အမြောက်တပ်နှင့် ကြည်းတပ်များဖြင့် နိုဝင်ဘာ(၁၅)ရက်မှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ စစ်ရေးအရ မည်မျှပင် ဖိအားပေးနေသော်လည်း မိုးညှင်းမြို့နယ်မှ KIA တပ်မဟာ(၈) ရုပ်သိမ်းသွားရန် အစီအစဉ် မရှိကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောသည်။

ငါးရက်ကြာ ဖြစ်ပွားလာသည့် တိုက်ပွဲကြောင့် ထွက်ပြေးလာသောစစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ရှိလာပြီဖြစ်ပြီး ၎င်းတို့သည် သက်ဆိုင်ရာ မိုးညှင်းမြို့ ကချင်ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြောင်း သိရသည်။ ဒုက္ခသည်အများစုသည် ကချင်လူမျိုးများဖြစ်ကာ ၎င်းတို့သည် အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်နေကျအတိုင်း ပစ်မှတ်ထားကာ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှုများပြုလာမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးရသည်ဟု ဒေသခံများက ဆိုသည်။

မိုးညှင်းမြို့နယ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့၊ ညမှစပြီး တိုက်ပွဲဖြစ်ပွားရာ တောင်ခြေများသို့ ဒေသခံပြည်သူများ ဝင်ထွက်သွားလာခြင်း လုံးဝ မပြုရန် အစိုးရတပ်က ‘Martial Law’ စစ်အမိန့် ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...