ချင်းပြည်နယ်တွင် ZCD က ၆ နေရာ အနိုင်ရ

ချင်းပြည်နယ်တွင် ZCD က ၆ နေရာ အနိုင်ရ
by -
ခိုနူမ်းထုန်
ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က ချင်းပြည်နယ် တီးတိန် နှင့် တွန်းဇံမြို့နယ်တွင် မဲဆန္ဒနယ်မြေ စုစုပေါင်း (၆) နေရာ အနိုင်ရရှိသည်ဟု သိရသည်။

မဲဆန္ဒနယ်မြေ စုစုပေါင်း (၁၂) နေရာ ဝင်ရောက်ယှဉ်ပြိုင်သော ZCD ပါတီအနေဖြင့် တီးတိန်မြို့နယ် တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား နှင့် ပြည်နယ်လွှတ်တော်တစ်နေရာစီ၊ တွန်းဇံမြို့နယ်တွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားနှင့် ပြည်နယ်လွှတ်တော်တစ်နေရာစီ စုစုပေါင်း (၆) နေရာအနိုင်ရရှိသည်ဟု ZCD အတွင်းရေးမှူး ဦးဂင်ကမ်းလျန်က အတည်ပြုပြောကြားသည်။

“ကျနော်တို့ မဲဆန္ဒနယ်မြေ (၁၂) နေရာမှာ ၀င်ပြိုင်ပါတယ်၊ တွန်းဇံမြို့နယ်မှာ ၃ နေရာ၊ တီးတိန် မြို့နယ်မှာ ၃ နေရာ စုစုပေါင်း (၆)နေရာအနိုင်ရတယ် (၅၀) ရာခိုင်နှုန်းအနိုင်ရတာပေါ့’’ဟု ဦးဂင်ကမ်းလျန်က ပြောသည်။

တီးတိန်မြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိသော ZCD ပါတီဥက္ကဌ ပူးကျင့်ရှင်းထန် ကတော့ ပြည်သူလူထုအတွက် အရေးကြီးသော ကိစ္စအဝဝကို လွှတ်တော်မှာ တင်ပြသွားမည်ဟု ပြောသည်။

“ပြည်သူ့လွှတ်တော်ဆိုတော့ လွှတ်တော်အမျိူးမျိူးရှိတဲ့အထဲမှာ ပြည်သူနဲ့ပိုပြီးတော့ သက်ဆိုင်နေတဲ့ ကိစ္စအဝဝကို အဲဒီမှာ ဥပဒေပြဌာန်းရေးအတွက်ပဲဖြစ်ဖြစ် ပြည်သူလူထုအတွက် ဒီဥပဒေက မကောင်း သေးဘူးဆိုတဲ့ ဟာတွေဖြစ်စေ ပြင်ဆင်နိုင်ဖို့ အဓိကအရေးကြီးလိမ့်မယ်လို့ခံယူထားပါတယ်’’ဟု ပူးကျင့်ရှင်းထန်က ပြောသည်။

ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် Zomi National Congress (ZNC) ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရရှိသော ၉၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သည်။ သူသည် CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

Zomi Congress for Democracy (ZCD) ပါတီ၏ မဲစာရင်းရလဒ်

တီးတိန်မြို့နယ်

ဦးကျင့်ရှင်းထန် (ပြည်သူ့လွှတ်တော်)
ဦးဂင်ကမ်းလျန် (အမျိူးသားလွှတ်တော်)
ဦးထန်ဒိတ်ခုတ် (ပြည်နယ်လွှတ်တော်)

တွန်းဇံမြို့နယ်

ဦးခမ်ခန့်ထန် (ပြည်သူ့လွှတ်တော်)
ဒေါ် ကျိန်ငိုက်မန် (အမျိူးသားလွှတ်တော်)
ဦးပေါင်လွန်းမင်ထန်(ပြည်နယ်လွှတ်တော်)

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...