ယနေ့ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် ကလေးမြို့နယ်အတွင်း နေထိုင်ကြသော ချင်းတိုင်းရင်း သားများအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော်အပြင် ချင်းတိုင်းရင်းသားလူမျိူးစုလွှတ်တော် အတွက် စုစုပေါင်း မဲ(၄)ခါ ထည့်ရမည်ဖြစ်သော်လည်း လူမျိုးစုလွှတ်တော်အတွက် မဲပေးခွင့်မရှိသူ ချင်းမဲဆန္ဒရှင်များရှိနေသည် ဟု လေ့လာသိရှိရသည်။
ရွေးကောက်ပွဲကို အနီးကပ်လေ့လာစောင့်ကြည့်သော Hornbill Organization မှ ကလေးမြို့တာဝန်ခံ ကိုမုန်နိုးကချင်းလူမျိူးဖြစ်သော်လည်း ချင်းရေးရာလူမျိူးစုလွှတ်တော်အတွက် မဲပေးခွင့်မရှိသော ချင်းမဲဆန္ဒရှင်များ အတော်များများရှိနေသည်ကို လေ့လာတွေ့ရှိရသည်ဟု ပြောသည်။
“ ကျနော်တို့စောင့်ကြည့်တဲ့နေရာမှာ ချင်းတော့ချင်းပဲ ဒါပေမယ့် နာမည်က ဗမာနာမည်ဖြစ်ပါတယ်၊ ဗမာနာမည်ဖြစ်နေတဲ့ အခါကျတော့ ကော်မရှင်က အလွယ်တကူနဲ့ ဗမာနာမည်ဖြစ်လို့ဆိုပြီးတော့ ချင်းလို့မသတ်မှတ်ဘဲနဲ့ အဲလိုမျိူးလုပ်လို့ မဲထည့်ခွင့်မရှိတဲ့လူတွေတော်တော်များများတွေ့ရတယ်၊ နောက်တချိူ့ကတော့ ချင်းနာမည်ပါပဲ ဒါပေမယ့် ချင်းရေးရာမှာ နာမည်စာရင်းမပါလာတာ အဲလိုမျိူးတော့တွေ့ရတယ် နှစ်မျိူးပေါ့နော်၊ အဲဒီကိစ္စကို တော်တော်များများတွေ့ရတယ် နေရာတကာမှာပဲ’’ ဟု ကိုမုန်နိုးကပြောသည်။
ကလေးမြို့တောင်ဖီလာရပ်ကွက် အထက (၂) ကျောင်းဝင်းအတွင်း ထားရှိသည့် မဲရုံ၌ မဲပေးခဲ့ရသော ချင်းအမျိူးသား ဦးဝုန်ခိုပေါင်က ချင်းတိုင်းရင်းသားလူမျိူးစုလွှတ်တော်အတွက် မဲထည့်ခွင့်မရှိခဲ့ဘူးဟု ပြောသည်။
“ ဒီနေ့ကျနော် မဲ (၃) မဲဘဲထည့်တယ် ချင်းရေးရာလူမျိူးစုလွှတ်တော်အတွက် မထည့်လိုက်ရဘူး ကျနော့် နာမည်မပါ လာဘူး၊ စိတ်တော့မကောင်းဘူးဗျာ’’ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်ဖီလာရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးဂိုခန့်ထန်ကို မေးကြည့်ရာတွင် “ မဲစာရင်း မှာ မပါလို့ မဲစာရင်းမှာပါတယ်ဆိုရင်တော့ ထည့်လို့ရတယ် သက်သေခံကဒ်ပြားမရှိတာတောင်မှနော်၊ ချင်းတိုင်းရင်းသား လူမျိူးလွှတ်တော်အတွက် မဲပေးနိုင်မယ့် စာရင်းကို ပြန်ခွဲအချိန်မှာ ချင်းတွေတော်တော်ပြုတ်သွားတယ်၊ ချင်းတွေက ဗမာ ဖြစ်သွားလိုက်တဲ့ သဘောပေါ့၊ ဗမာတွေလည်း ချင်းမဲစာရင်းမှာပါလာတာလည်းရှိပါတယ်၊ ကျနော်တို့လည်းမတတ်နိုင်တော့ဘူး’’ ဟု ပြောသည်။
ယခုကဲ့သို့မဲစာရင်းအမှားအယွင်းများရှိနေခြင်းသည် မြို့နယ်ကော်မရှင်ဘက်မှ ကွန်ပျူတာ နှင့် မဲစာရင်းများ စာစီပြီး ခွဲသည့် အချိန်တွင် အမှားအယွင်းများရှိနေလာခြင်းဖြစ်နိုင်ကြောင်း ချင်းလူမျိူးဖြစ်သော်လည်း ချင်းရေးရာလူမျိူးစုလွှတ်တော် အတွက် မဲထည့်ခွင့်မရှိသော ချင်းမဲဆန္ဒရှင်များ မဲရုံးတစ်ရုံလျင် ၅ ဦးနှုန်းခန့်ရှိနိုင်ကြောင်း ဦးဂိုခန့်ထန်ကပြောသည်။
“ ကျနော်တို့လိုက်ကြည့်တဲ့အခါကျမှာ ချင်းတွေကတော့ တော်တော်လေး မပါတာ လေးငါးယောက်ရှိမှာပဲ မဲရုံတစ်ရုံမှာ’’ ဟု သူကပြောသည်။
ကလေးမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၇၆ ရုံးရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ချင်းလူမျိူး ၈သောင်းကျော်ခန့်ရှိသည်ဟု သိရသည်။







