'အာဆီယံနိုင်ငံများ' နှင့် 'အခြားမိတ်ဆွေနိုင်ငံများ' မှ ရွေးကောက်ပွဲကော်မရှင်များ နှင့် အဖွဲ့အစည်း များ၏ လေ့လာရေးခရီးစဉ်နှင့် ဆက်စပ်သည့် နိုဝင်ဘာ ၂ ရက်နေ့၊ နေပြည်တော်အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်အတွက်အရေးကြီးပြီး ကမ္ဘာ့နိုင်ငံများကလည်း စိတ်ဝင်တစ်စား စောင့်ကြည့်နေကြသည်ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာန သတင်း၌ ဖော်ပြသည်။
လာရောက်လေ့လာရန် ဖိတ်ကြားထားသော ကိုယ်စားလှယ်များ အဆင်ပြေစွာလေ့လာနိုင်ရေးနှင့် ရွေးကောက်ပွဲရလဒ်သတင်းများ အချိန်မီထုတ်ပြန်နိုင်ရေးအတွက် တာဝန်ရှိသော ဝန်ကြီးဌာန အသီးသီးနှင့် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သေးသည်ဟု အဆိုပါ သတင်းက ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂ ရက်နေ့ မနက် နေပြည်တော် အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဝန်ကြီးဌာန ၅ ခုမှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးကြသည်။
အာဆီယံနိုင်ငံများနှင့် အခြားမိတ်ဆွေနိုင်ငံများအား ဖိတ်ကြားထားမှု၊ နိုင်ငံအလိုက်လာရောက်မည့် အရေအတွက်၊ နေ့စဉ် ဆောင်ရွက်မည့် အစီအစဉ်နှင့် လေ့လာရေးခရီးစဉ်များကို ဆွေးနွေးကြသည်။
စောင့်ကြည့်လေ့လာရေးအဖွဲ့များ ရောက်ရှိချိန်၊ တည်းခိုနေချိန်နှင့် လေ့လာမည့်နေရာများသို့ သွားရောက်ချိန်တို့အတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဆက်ဆံရေးအရာရှိစီစဉ် ပေးမည်ဟုလည်း သိရသည်။
လေ့လာရေးအဖွဲ့များအား ဖျော်ဖြေမည့် အစီအစဉ်ကိုမူ ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီစဉ်ထားသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ခရီးစဉ်များအတွက် ယာဉ်များစီစဉ်မည် ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ လေ့လာရေးအဖွဲ့များ တည်းခိုနေထိုင်ရေး အတွက် ဆောင်ရွက်မည်ဟု သတင်းက ဖော်ပြသည်။
ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာမည့်အစီအစဉ်များကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ရုံးတွင်ထားရှိမည့် ရွေးကောက်ပွဲကော်မရှင်၏ မီဒီယာစင်တာနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သတင်းထုတ်လွှင့်နိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မှာကြားသွားသည်။
နိုဝင်ဘာ ၂ ရက်နေ့မနက်၊ နေပြည်တော် အစည်းအဝေး၌ ရွေးကောက်ပွဲကော်မရှင်၏ မီဒီယာ စင်တာတွင် IFES မှ တာဝန်ယူဆောင်ရွက်မည့် အစီအစဉ်နှင့် လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းဆွေးနွေးကြသည်ဟု သိရသည်။







