ပြုပြင်ပြောင်းလဲရေးကို အတိုက်အခံခေါင်းဆောင်နှင့် ပူးပေါင်းလုပ်ဆောင်ရေး သမ္မတ နှင့် ဦးရွှေမန်း သဘောထားကွဲဟုဆို

ပြုပြင်ပြောင်းလဲရေးကို အတိုက်အခံခေါင်းဆောင်နှင့် ပူးပေါင်းလုပ်ဆောင်ရေး သမ္မတ နှင့် ဦးရွှေမန်း သဘောထားကွဲဟုဆို
by -
မဇ္ဈိမ
မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲကာလတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် ဆန္ဒရှိသည့်အတွက် သူရ ဦးရွှေမန်း နှင့် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီနှင့် သဘောထားကွဲလွဲမှုရှိကြောင်း သူရဦးရွှေမန်းက အောက်တိုဘာ ၃၁ရက်နေ့က ကညွတ်ကွင်းမြို့နယ်တွင် မီဒီယာများသို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီတွင်း၌ သမ္မတဦးသိန်းစိန် နှင့် သူရဦးရွှေမန်းတို့အကြား ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ အတိုက်အခံခေါင်းဆောင်နှင့် ပူးပေါင်းလုပ်ဆောင်ရေး ဆိုတဲ့ကိစ္စတွင် သဘောထားကွဲလွဲမှု ရှိသလား ဆိုပြီး မဇ္ဈိမ၏ အမေးကို သူရဦးရွှေမန်းက "ဖြစ်နိုင်ပါတယ်လို့ပဲ ပြောပါရစေ။ တချို့နေရာတွေမှာ လုပ်ငန်းချင်းတူရင် ပူးပေါင်းဆောင်ရွက်ရမယ်။ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ မအောင်မြင်နိုင်ဘူး။ ဒီကာလမှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပူးပေါင်းသင့်တဲ့သူတွေကို ပူးပေါင်းမှ ဖြစ်မယ်ဆိုတာ ကို ကိုယ်တို့မြင်တယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တစ်ယောက်တည်းလုပ်လို့ မရဘူး။ ပါတီအားလုံးလည်း ပါရမယ်။ အဲ့ဒါမှ မဟုတ်ဘဲ ကိုယ်တစ်ယောက်တည်း ပြုပြင်ပြောင်းလဲ မယ်။ ကိုယ်တစ်ယောက်တည်း အာဏာရနေမယ်ဆိုတဲ့ ကိစ္စဟာ အင်မတန်ခက်ခဲတယ်"ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့လျှင်သော်လည်းကောင်း၊ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတစွာဖြင့် အောင်နိုင်ရေး မလုပ်နိုင်ခဲ့လျှင်သော်လည်းကောင်း ၎င်းအနေဖြင့် တာဝန်ရှိတော့မည်မဟုတ်ဟု ပူးတွဲ ဥက္ကဋ္ဌတာဝန် နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌတာဝန်မှ ရပ်ဆိုင်းခံလိုက်ရသည့် သူရဦးရွှေမန်းက ပြောသည်။

"ဒါဟာထင်ထင်ရှားရှားပဲ။ ဟိုတုန်းက ကိုယ့်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ အဲ့ဒီ့ထဲမှာ ခေါင်းဆောင် လည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ့်မှာတာဝန်ရှိတယ်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာဖြင့် အောင်နိုင်ရေးအတွက် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ဒီအခွင့်ကိုယ့်မှာမရှိတော့ဘူး။ မရှိတော့တဲ့အတွက် ကိုယ့်ဆီမှာ တာဝန်မရှိတော့ဘူး။"ဟု ပြောကြားလိုက်သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရွေးကောက်ပွဲ မတိုင်မီ နှင့် ရွေးကောက်ပွဲအပြီး ကာလများတွင် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီချက်များ ရှိခဲ့ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

"အဲ့ဒီ့အချိန်တုန်းကလည်း NLD နဲ့ နိုင်ငံနဲ့၊ နိုင်ငံသား အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မယ်။ တစ်နည်းအားဖြင့် ပြောရရင် တူတာတွေ ဆောင်ရွက်မယ်။ မတူတာတွေ ချန်ထားမယ်။ ဒါပေမယ့် ရွေးကောက်ပွဲကျရင် အနိုင်ရအောင် ဆောင်ရွက်မယ်။ ရွေးကောက်ပွဲ အလွန်ကျရင်လည်း နိုင်ငံနဲ့ နိုင်ငံသားအကျိုးကို ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုတဲ့ မူလထဲက Gentleman agreement ပေါ့။ နိုင်ငံနှင့် နိုင်ငံသားအကျိုးကို ဆောင်ရွက်နိုင်ရဲ့သားနဲ့ မဆောင်ရွက်ရင် အဲ့ဒီ့အဖွဲ့အစည်းက ဘာဖြစ် သွားမလဲ နိုင်ငံကို တကယ်ချစ်တာလား။ တိုင်းပြည်ကို တကယ်ချစ်တာလား"ဟု ၎င်းက မေးခွန်း ထုတ်လိုက်သည်။

သူရဦးရွှေမန်းသည် လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာ ၃၁ရက်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ဖြူးမြို့နယ် ကညွတ်ကွင်း၌ မဲဆန္ဒရှင်ပြည်သူ များနှင့် တွေ့ဆုံတွေ့ဆုံ စည်းရုံးခဲ့အပြီး မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပုံစံ ပြုလုပ်ကာ မီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

လာမည့် နိုဝင်ဘာ ၅ရက်တွင်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရှိနေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...