အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံညှိနှိုင်းမည်

အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံညှိနှိုင်းမည်
by -
မဇ္ဈိမ
အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်းများ ရှေ့ဆက်လုပ်ငန်းများ ညှိနှိုင်းရန် အတွက် လာမည့် နိုဝင်ဘာလ ပထမအပတ်၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့အစည်း ၈ ဖွဲ့တို့က NCA ကို အစိုးရနှင့် လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း လုပ်ဆောင်မှုများနှင့် ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဟု အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်

“ကျနော်တို့ ရက်တော့ ညှိနေတယ်။ ကျနော်တ်ုိ့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ လုပ်ဆောင်မှုတွေ ကျနော်တို့နေခါင်းဆောင်တွေ ပြန်သုံးတပ်ဖို့ရှိသလို၊ ဆက်ပြီး ပိုမိုခိုင်မာအောင် ဘယ်လိုပူးပေါင်း ဆောင်ရွက်မှုတွေ ဆွေးနွေးမှာပေါ့။ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲဆိုတာတွေဆွေးနွေးရမယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။

အစိုးရနှင့် ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အဖွဲ့ဝင်များလည်း ၎င်းတို့၏ ဆွေးနွေးချက်များကို တင်ပြမည်ဖြစ်ပြီး ထိုအစည်းအဝေးပြီးနောက် ၎င်းတို့၏ အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“သူတို့လည်း သူတို ့ဆွေးနွေးတာတွေ ကျနော်တို့ ၈ ဖွဲ့ကို ပြန်လည်တင်ပြမှာပေါ့။ သူတို့ခုရန်ကုန်မှာ ဆွေးနွေးနေတာကိုး၊ ၂ ရက် ၃ ရက်လောက်ပဲ ကြာမှာ အလုပ်ရုံဆွေးနွေးပွဲလည်း ဆက်လုပ်ရမယ် ထင်တယ်”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

အစိုးရနှင့် NCA ကို လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပန်ဆန်း ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၈ ဖွဲ့ ထပ်မံတွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၅ ရက်နေ့တွင် အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ အောက်တိုဘာလ ၆ ရက်တွင် အစိုးရနှင့် လက်မှတ် မထိုးထားသည့် အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ဒီအန်စီအေကို ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတာကို ဆွေးနွေးကြမှာ ဖြစ်သလို၊ လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ မပါတဲ့ အဖွဲ့တွေ ဘယ်လို ဆက်စပ်သွားကြမလဲဆိုတာကို ဆွေးနွေးကြမယ်။ အန်စီအေမှာ ဘယ်လို ဝင်ပါကြမယ်လို့ သိရပါတယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။

NCA ကို အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရနှင့် RCSS/SSA အပါအဝင် KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး(ABSDF)တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ထိ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဌာနချုပ် ပန်ဆန်းတွင် အစိုးရနှင့် NCA လက်မှတ်မရေး ထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ ဖြစ်သော UWSP အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မွန်ပြည်သစ်ပါတီ( NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)၊ ပလောင်(တအာင်း) အမျိုးသးလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင်တပ်မတော်(AA)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု(NDAA) တို့မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...