လူမျိုးတုန်းသတ်ဖြတ်ခြင်းများမရှိဟု မြန်မာအစိုးရပြော

လူမျိုးတုန်းသတ်ဖြတ်ခြင်းများမရှိဟု မြန်မာအစိုးရပြော
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ရှိ မူဆလင်ရိုဟင်ဂျာဆိုသူများကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟူသော ခိုင်လုံသည့် သက်သေများဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ ဖော်ထုတ်ချက်ကို မြန်မာအစိုးရ ငြင်းပယ်လိုက်သည်။ အထက်ပါ စွပ်စွဲချက်က လုံးလုံး လက်ခံ စရာမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်က မဇ္ဈိမသို့ ပြောသည်။

Fortify Rights ဆိုသည့်အဖွဲ့က “Persecution of Rohingya Muslims.” ရိုဟင်ဂျာမူဆလင်များကို ဖိစီးနှိပ်စက်ခြင်းဟူ၍ ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မူဆလင်များ၏ ဘေးဒုက္ခကို အပြည့်အဝလွတ်လပ်သော စုံစမ်းစစ်ဆေးမှုအတွက် တောင်းဆိုလာခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာကို Allard K Lowenstein International နှင့် ယေးလ်ဥပဒေကျောင်းမှ Human Rights Clinic တို့ပူးပေါင်းသည့် လူ့အခွင့်အရေးအဖွဲ့များက သုံးနှစ်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လုံခြံုရေးတပ်ဖွဲ့များ၊ အစိုးရတာဝန်ရှိသူများ၊ ဒေသခံရခိုင်များနှင့် အခြားသူများက ကျုးလွန်သည့် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိသည်ဟု ကောက်ချက်ချနိုင်သည့် ခိုင်လုံသည့် အထောက်အထားသက်သေများနှင့် ဖော်ပြထားသည်ဟု ဆိုသည်။

ယင်းတွေ့ရှိချက်များကို Al Jazeera တွင် ဖော်ပြခဲ့ပြီး ရခိုင်ပြည်နယ်တွင် မူဆလင်များ အလွဲသုံးစား လုပ်ခဲ့ရခြင်းနှင့် နိုင်ငံ၏ အခြားနယ်မြေများ အဓိကအားဖြင့် မိတ္ထီလာတို့တွင် မူဆလင်များအပေါ် ကျုးလွန်ကြသည့် ပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းဖြစ်သည်။

ဦးရဲထွဋ်က စွပ်စွဲများကို ငြင်းပယ်ကာ ပြောကြားရာ ပဋိပက္ခများဒဏ်ကို နှစ်ဖက်စလုံးက ခံစားခဲ့ရခြင်း ဖြစ်ကြောင်း၊ ကျွန်တော်တို့က ဥပဒေအရ နှစ်ဖက်စလုံးကို ထိန်းသိမ်းကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးအပေါ် သာတူညီမျှစွာ ဆက်ဆံကျင့်သုံးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရက မူဆလင်ရိုဟင်ဂျာဆိုသူများကို ဘင်္ဂလီများဖြစ်သည်ဟုသာ အသိအမှတ်ပြုထားပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်လာကြသူများဖြစ်သည်ဟု ပြောဆိုထားသည်။ များစွာသော ရိုဟင်ဂျာဆိုသူများကမူ ၎င်းတို့ မိသားစုဆွေမျိုးများက လွတ်လပ်ရေးမတိုင်ခင်ကပင် မြန်မာနိုင်ငံတွင် နေထိုင်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဦးရဲထွဋ်က ပြောကြားရာတွင် ရွေးကောက်ပွဲနီးလာစဉ်ဖြစ်ခြင်းကြောင့် "ရခိုင်ပြည်နယ်တွင် အခြေအနေများရှုပ်ထွေးအောင် တမင်ချိန်သားကိုက်၍ ယခုအစီရင်ခံစာကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရက လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် ပတ်သက်ဆက်စပ်မှု မရှိကြောင်း" ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် နိုင်ငံတကာအဖွဲ့များနှင့် အဖွဲ့အစည်းများက လွတ်လွတ်လပ်လပ် လှုပ်ရှား လုပ်ကိုင်နေကြကြောင်း၊ ၎င်းတို့ထံမှ သတင်းများ ရနိုင်ကြောင်း၊ သတင်းများ ကြားသိနိုင်ကြောင်း၊ တကယ်မြေပြင်ကို သွားကြည့်မည်ဆိုလျှင် အထက်က ပြောဆိုစွပ်စွဲချက်များက မှန်ကန်မှု မရှိကြောင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲနီးချိန်မှာ ရည်ရွယ်ချက်ရှိရှိ ကြံစည်မှုတစ်ရပ်သာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...