ကိုကိုးကျွန်းတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ တပ်မတော်သားနှင့် ၎င်းတို့၏ မိသားစုဝင်စုစုပေါင်း ၆၃၄ဦး အထိရှိပြီး ယင်းမှ ၃၄၁ဦး (ထက်ဝက်ကျော်) က ရှေ့တန်းရောက်ရှိနေသည်ဟုဆိုကာ ကြိုတင်မဲပေးရန် မြို့နယ်ကော်မရှင်သို့ တင်ပြထားခြင်း ဖြစ်သည်။
"သူတို့က ကြိုတင်မဲပေးမယ်ဆိုပြီး အရေအတွက် တင်ပြတဲ့အတိုင်း ကျွန်တော်တို့က လုပ်ပေးရတာပါ။ အဲဒီတော့ အတိုးအလျော့ လုပ်တာတွေဘာတွေ လုပ်လို့မရပါဘူး။ တပ်ကပေးတဲ့အတိုင်း ပြောရတာပါ။"ဟု ဦးအောင်ဇော်က ဆိုသည်။
ကြိုတင်မဲပေးမည့်သူများသည် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အခြေစိုက် စစ်စခန်းများမှ ရှေ့တန်းဟု ဆိုသည့် ပါလီပါလဲ ကျွန်းသို့ ရောက်ရှိနေသူ ၁၉၄ဦး၊ ပ.ရ.ခ ရှေ့တန်းစခန်းသို့ ရောက်ရှိနေသူ ၁၁၂ဦး နှင့် ရ.ခ.စ ရှေ့တန်းစခန်းသို့ရောက်ရှိနေသူ ၃၅ဦးတို့က ကြိုတင်မဲပေးကြမည်ဖြစ်သည်။
"အဲဒီ ၃နေရာလုံးက မဲဆန္ဒနယ်အတွင်းမှာပဲ ကျွန်တော်တို့လိုက်ကြည့်မယ်။ အဲဒီကိုလိုက်ဖို့ နက်ဖြန် မြို့နယ် ကော်မရှင်ကို စာတင်မယ်။ အခုကြိုတင်မဲပေးမှာက တစ်ဝက်ကျော်တယ်။ ကိုကိုးကျွန်းက တပ်ထဲကိုပဲ ယူသွားပြီး တုံးထုလာပြီး ပြန်ယူလာတယ်ဆိုရင်တော့ အဲဒါမဲမသမာမှုပဲ"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုကိုးကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောသည်။
သက်ဆိုင်ရာ ရွေးကောက်ပွဲဥဒေများတွင် ၎င်းမဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးရာတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များက လိုက်ပါကြည့်ရှုခွင့်ရှိသည်ဟုလည်း အတိအလင်းခွင့်ပြုထားသည်။
ကြိုတင်မဲပေးမည်ဟုဆိုထားသည့် ကိုကိုးကျွန်းမှ တပ်မတော်သားများရောက်ရှိနေသည့် ရှေ့တန်းစခန်းကလည်း ကိုကိုးကျွန်းမဲဆန္ဒနယ်အတွင်းသာတည်ရှိနေခြင်းကြောင့် လိုက်ပါကြည့်ရှုမည်ဟုလည်း ဦးဝင်းမင်းက ပြောဆို ခြင်းဖြစ်သည်။
တပ်မတော်စစ်စခန်းမှ မဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများမှ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ၂၀ ဦး ထက်မံ ရှိနေပြီး ယင်းတို့မှ ၅ဦးသာ ကြိုတင်မဲပေးရန်လျောက်ထားကြောင်းလည်း ရန်ကုန်တောင်ပိုင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမြတ်စိုးက ပြောသည်။
ကိုကိုးကျွန်းမြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ၊ တပ်မတော်သားနှင့်မိသားစုများအပါအဝင် စုစုပေါင်း ၁၅၇၁ ဦးသာ ရှိပြီး တပ်မတော်စစ်စခန်းမျာအပြင်ဖက်တွင်စာ မဲရုံနှစ်ရုံထားရှိမည်ဟုလည်း ခရိုင်ကော်မရှင်မှ သိရသည်။
တောင်ပိုင်းခရိုင် ကော်မရှင်ကမူ ကြိုတင်မဲပေးမည့်သူများအနေဖြင့် မဲလက်မှတ်ကို ကိုကိုးကျွန်းသို့ လက်ရှိအချိန်အထိ ပို့ဆောင်ပေးနိုင်ခြင်းမရှိသေး၍ ကြိုတင်မဲပေးအပ်နိုင်မည်မဟုတ်တော့ကြောင်း မဇ္ဈိမသို့ ၂၆ရက်နေ့တွင် ပြောထားသည်။
လက်ရှိအချိန်ထိလည်း ကိုကိုးကျွန်းသို့ မဲဆန္ဒလက်မှတ်များ ပေးပို့နိုင်ခြင်းမရှိသေးသလို ရောက်ရှိခြင်းလည်း မရှိသေးကြောင်း ကိုကိုးကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ဇော်က မဇ္ဈိမသို့ အတည်ပြုသည်။







