တိုင်းရင်းသားများကို တန်းတူဆက်ဆံရေးထက် ထိုးစစ်ဆင်နေသည်ဟု MNDAA စွပ်စွဲပြောဆို

တိုင်းရင်းသားများကို တန်းတူဆက်ဆံရေးထက် ထိုးစစ်ဆင်နေသည်ဟု MNDAA စွပ်စွဲပြောဆို
by -
မဇ္ဈိမ
တိုင်းရင်းသားများအပေါ် တန်းတူဆက်ဆံရေးထက် အစိုးရက စစ်ပွဲများဖြင့် ထိုးစစ်သာဆင်နေသည်ဟု MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မှ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက အောက်တိုဘာ ၂၇ရက်နေ့တွင် မဇ္စျိမသို့ ပြောဆိုခဲ့သည်။

"အခု ကိုးကန့်မြေက တိုက်ပွဲတွေက နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့လိုပေမယ့် အစိုးရက လက်တစ်လောကိုပဲ မြေပြင်မှာ တပ်တွေ တိုးထားတယ်။ လက်နက်တွေ တိုးထားတယ်။ ဒါတွေကို ရပ်ပေးပါ။ တိုင်းရင်းသားအားလုံး တန်းတူဆက်ဆံပေးဖို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပါ။"ဟု ၎င်းက အစိုးရကို တိုက်တွန်းသည်။

ကိုးကန့်အဖွဲ့နှင့် အစိုးရတပ်များက ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ကာ နှစ်ဖက်တိုက်ပွဲများ ယခုလအထိ ဖြစ်ပေါ်နေသည်။

"တိုင်းရင်းသားတွေ ဘိုးစဉ်ဘောင်ဆက်နေနေကြတာ။ ကျွန်တော်တို့က မန္တလေးလို မြို့မျိုးကိုလည်း တက်ပြီးတိုက်တာ မရှိဘူး။ ကိုယ်နေတဲ့နေရာမှာပဲ နေနေကြတာ။ ခုခံကြတဲ့အခြေအနေပဲရှိတယ်။ အစိုးရတပ်ကိုလည်း စိုးမိုးနိုင်အောင် မတိုက်နိုင်ပါဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်က ထိုးစစ်ဆင်လား မဆင်လားဆိုတာကို နားလည်နိုင်ပါတယ်။"ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

ကိုးကန့်အဖွဲ့ဖက်က ၄င်းတို့နယ်မြေများအပေါ် အစိုးရတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စွပ်စွဲပြောဆိုမှုအပေါ် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သို့ ဆက်သွယ်မေးမြန်းရာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်နေသဖြင့် ယနေ့ပြန်လည်ဖြေကြားပေးနိုင်ရန် အခက်အခဲရှိသည်ဟု ပြန်ကြားရေးရုံးမှ ဖုန်းကိုင်ဖြေကြားသူက ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးဗဟိုဌာန အကြံပေး ဦးလှမောင်ရွှေကမူ "ကိုးကန့်နဲ့ ပက်သက်ပြီး အသေးစိတ်တော့ မသိဘူး။ ကိုးကန့်က အပစ်ရပ်စာချုပ်အဆုံးသတ်ချိန်မှ ပဋိပက္ခကို အစပြန်ဖော်တာ။ အစိုးရဖိတ်တဲ့ အဖွဲ့ ၁၅ ခုမှာလည်း မပါဘူး။ ဦးအောင်မင်းပြောထားတာတော့ ကိုးကန့်က အလုံးစုံလက်နက်ချရမှာ။ အဲဒါမှ သူက နိုင်ငံသားဖြစ်တဲ့အတွက်   နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပြန်ရရှိမှာဆိုတာတော့ သိထားပါတယ်။"ဟု ဆိုသည်။

တိုက်ပွဲများနှင့် ပက်သက်ပြီး မဇ္စျိမမှ ရရှိထားသည့် တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ရဲဝင်း ဖုန်းနံပါတ်သို့ ဆက်သွယ်ရာတွင် စက်ပိတ်ထားကြောင်းသာ အလိုလျောက်   ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်နယ်အတွင်း တပ်မတော်က ထိုးစစ်ဆင်မှုမရှိကြောင်းနှင့် တိုက်ပွဲများရှိနိုင်ပြီး အပြန်အလှန် ပစ်ခတ်မှုများရှိသည်ဟု ပြည်ပသတင်းဌာနတစ်ခုဖြစ်သည့် အမေရိကန်အသံ သတင်းဌာနသို့ ဗိုလ်ချုပ်အောင်ရဲဝင်းက ဖြေကြားထားသေးသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...