အစိုးရတပ် နှင့် ရှမ်းမြောက်တပ်မတော် (SSPP/SSA) တို့ စစ်ရေးတင်းမာ

အစိုးရတပ် နှင့် ရှမ်းမြောက်တပ်မတော် (SSPP/SSA) တို့ စစ်ရေးတင်းမာ
by -
မဇ္ဈိမ
အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် -မြောက်ပိုင်း (SSPP/SSA) တို့အကြား စစ်ရေးတင်းမာလျက်ရှိပြီး အစိုးရဘက်က စစ်ကူများ တိုးမြှင့်မှု ရှိနေဆဲဖြစ်သည်ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား အောက်တိုဘာလ ၆ ရက်မှစတင်၍ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၆ရက်မှ စတင်၍ တိုက်ပွဲများ ရပ်တန့်နေသည်ဟုလည်း ၎င်းက ပြောသည်။

“နှစ်ရက်တော ဘာမှ မဖြစ်သေးဘူး။ သူတို့က နယ်မြေအနေအထားတွေ ကြည့်နေတယ်ထင်တယ်။ တပ်ဆုတ်တာတွေ မရှိသေးဘူး။ စစ်ရေးနည်းဗျူဟာ၊ စစ်ကူတွေ စောင့်နေတယ်လို့ ထင်တာပဲ။ သူတို့က စစ်ကားတွေတော့ မိုင်းဆန်ကနေ သွားသွားလာလာ လုပ်နေတာတော့ရှိနေတုန်းဘဲ”ဟု သူက ပြောသည်။

SSPP/SSAနှင့် အစိုးရ စစ်တပ်တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်နှင့် တန့်ယန့်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်သည် ဟိုင်းပါ၊ ဝမ်ဆော့၊ မိုင်းနောင်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည်။ ထိုစစ်ပြေးဒုက္ခသည်များအတွက် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများက ပြည်တွင်းပြည်ပ အလှူငွေများ ကောက်ခံနေရသည်။

တိုက်ပွဲများ ပြင်းထန်လာသဖြင့် နိုင်ငံရေ ပြဿနာကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းသွား မည်ဆိုလျှင် SSPP/SSA သို့ တရားဝင်အကြောင်းကြားပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းထံသို့ အောက်တိုဘာလ ၂၁ ရက်က ညှိနှိုင်းတင်ပြစာပေးပို့ခဲ့သော်လည်း ယနေ့ထိ ညှိနှိုင်းဆွေးနွေးခြင်း မရှိသေးကြောင်း သူက ပြေသည်။

နှစ်ဖက် တိုက်ပွဲများတွင် အောက်တိုဘာလ ၁၈ ရက်ထိ SSPP/SSA ဘက်မှ တပ်သား ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးခန့် ကျဆုံးမှု ရှိခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

KIA တပ်မဟ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်မှ ၂၅ ရက်ထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် KIA ၏ တပ်စခန်းတစ်ခုကို ဖယ်ပေးလိုက်ရသည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်မှူးကြီး ဂမ်ဆိုင်းက မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲက ၃၊ ၄ ရက် မနေ့ထိ တိုက်ပွဲဖြစ်တယ်။ ကေအိုင်အေ တပ်ရင်း ၉ ဘုတ်ဖျက်ပါဆိုတဲ့နေရာမှာ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးဘူး။ ဒါပေမဲ့ အစိုးရ တပ်မ ၉၉ က တပ်ရင်း ၉ ခုလောက်က လှုပ်ရှားနေတုန်းဘဲ။ တိုက်ပွဲက ဆက်ဖြစ်မယ့် အနေအထားရှိနေတယ်”ဟု ၎င်းက ပြောသည်။

နှစ်ဖက်တိုက်ပွဲတွင် အောက်တိုဘာလ ၂၅ ရက်က မန်ကောင်းကျေးရွာဟောင်းရှိ KIAတပ်ရင်း ၉ ၏ ရှေ့တန်းစခန်းတစ်ခုကို ဖယ်ပေးလိုက်ရသည်ဟု သူက ပြောသည်။ ယခုရက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA ဘက်မှ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သူက ပြောသည်။

အလားတူ ကိုးကန့်ဒေသဘက်တွင်လည်း အစိုးရ စစ်တပ်က ထိုးစစ်ဆင်များများ ရှိလာသဖြင့် အောက်တိုဘာလ ၂၅ ရက်မှ ၂၆ ရက်များတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ကိုးကန့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။ လက်ရှိတွင်လည်း အစိုးရ စစ်တပ်က အင်အားတိုးမြင့်မှုများ ရှိနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဂမ်ဆိုင်းက ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...