တောင်ကြီးပေါက်ကွဲမှု သတင်းများ ဒဏ်ရာရသူ အရေအတွက် ကွဲပြားနေ

တောင်ကြီးပေါက်ကွဲမှု သတင်းများ ဒဏ်ရာရသူ အရေအတွက် ကွဲပြားနေ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် သတင်းကို ထုတ်ပြန်ရာတွင် ဒဏ်ရာရသူ အရေအတွက် ဖော်ပြမှုကွဲပြားနေသည်ကို တွေ့ရှိရသည်။

မဇ္စျိမက အောက်တိုဘာ ၂၆ ရက်နေ့တွင် မေးမြန်းစုံစမ်းရာ ရပ်နားထားသည့် ကားအောက်သို့ ဗုံးပစ်သွင်းသွားခြင်းဖြစ်သည်ဟု သိရပြီး ဗုံးပေါက်ကွဲမှုှကြောင့် ဒဏ်ရာရရှိသူ ၄ ဦးရှိပြီး ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြံုရေးဌာနမှူး ရဲမှူးကြီး မျိုးဆန်းက ပြောသည်။

"ကားအောက်မှာ ကပ်ထားတာ မဟုတ်ဘူး။ လက်ပစ်ဗုံးကို ပစ်သွင်းသွားတာ။ အစ ခုနှစ် စ ရထားတယ်။ ပေါက်သွားတဲ့ အရှိန်ကြောင့် ၆ လက်မကနေ ၈လက်မလောက်ရှိတဲ့ ကျင်းအနက် ဖြစ်သွားတာ။ ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ဦးပဲ ဒဏ်ရာရတာ။ ဆေးရုံတင်ပေးထားတယ်။ သေတဲ့ သူတွေ မရှိပါဘူး"ဟု ရဲမှူးကြီး မျိုးဆန်းက မဇ္စျိမကို ပြောသည်။

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ မင်းလမ်းမကြီးပေါ်ရှိ၊ အောင်လျှပ်စစ်ပစ္စည်းဆိုင်၊ မြို့မရဲစခန်းရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ် အနီးတွင် ရပ်ထားသည့် အိုင်ပီစီ အမျိုးအစား အိမ်စီးကား အဖြူရောင် နံပါတ် 3D 4616 အောက်မှ ပေါက်ကွဲခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အင်တာနက်စာမျက်နှာတွင်မူ အောက်တိုဘာ ၂၅ရက်နေ့၊ ည ၈ နာရီ မိနစ် ၂၀ ခန့်အချိန်၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမ တော်ရပ်ကွက် အမှတ် (၁) ရဲစခန်းနှင့် ကမ္ဘောဇဘဏ်ကြား ရပ်ထားသည့် ကားတစ်စီး ဗုံးပေါက်ကွဲကာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု အမည်၊ အသက် နှင့်တကွ ဖော်ပြထားသည်။

ဧရာဝတီသတင်းဌာန၏ အောက်တိုဘာ ၂၆ ရက်၊ သတင်းတပုဒ်၌မူ ပေါက်ကွဲမှုကြောင့် ကားတစ်စီးထိခိုက်သွားပြီး လူ ၃ ဦး ဒဏ်ရာရသည်ဟု ရေသားထားသည်။

မဇ္စျိမ၏ အောက်တိုဘာ ၂၆ ရက်တွင် မေးမြန်းစုံစမ်းချက်အရ ဗုံးပေါက်ကွဲမှုမှ ရရှိသည့် ဗုံးအစ ရ ခုကို တောင်ကြီး အခြေစိုက် စစ်မြေပြင် အင်ဂျင်နီယာတပ်က စစ်ဆေးနေပြီး၊ တရားခံအား စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စီးပွားပြိုင် သို့မဟုတ်၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့က စီစဉ်သည်ဟု ကနဦးယူဆထားကြောင်း ရဲမှူးကြီး မျိုးဆန်းက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်နေရာပါဝင်သည့် ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးချစ်ရီက "ဒီနေ့တော့ အေးဆေးပါပဲ။ လုံခြံုရေးနဲ့ ပက်သက်ပြီး အထူးလုပ်ထားတဲ့ပုံလည်း ကျွန်တော်တို့ မနက်ထွက်လာကတည်းက အခုထိ မမြင်ပါဘူး။ ပုံမှန်ပဲ။ အခုမဲဆွယ်စည်းရုံးနေတာပါ။ တောင်ကြီးညိုမီးရွာ ရောက်နေ တယ်။ မဲဆွယ်တဲ့ နေရာမှာလည်း လုံခြံုရေးကို သတိထားဖို့ ကော်မရှင်တို့ ရဲတပ်ဖွဲ့တို့က သတိပေးတာ မရှိထားပါဘူး" ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၄ ဦး ရှိပြီး အရေးပေါ်အခြေအနေမရှိပဲ တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေ သည်ဟု ကြားသိရကြောင်း ဦးချစ်ရီက မဇ္စျိမသို့ ဖြေကြားသည်။

ဗုံးပေါက်ကွဲမှုနှင့် ပက်သက်ပြီး တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းမှုများ ပြုလုပ်နေပြီး အတိအကျ မသိရှိရသေးကြောင်း ရဲမှူးကြီးမျိုးဆန်းက ပြောသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အလားတူ ဖြစ်ရပ်များဖြစ်ပေါ်မှုမရှိစေရန်အတွက်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးလုံခြံုရေးကို အမြင့်ဆုံး ဒုတိယအဆင့်ဖြစ်သည့် လိမ္မော်ရောင်အဆင့် သတ်မှတ်ကာ ဆောင်ရွက်နေသည်ဟု ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...