ရေကြီး နစ်မြှုပ်မှုများကြောင့် လယ်ဧက ၁၀ သိန်းကျော် ပျက်စီး အကူအညီများ အစော တလျင်ပေးရန် FAO နှင့် WFO တို့ပြော

ရေကြီး နစ်မြှုပ်မှုများကြောင့် လယ်ဧက ၁၀ သိန်းကျော် ပျက်စီး အကူအညီများ အစော တလျင်ပေးရန် FAO နှင့် WFO တို့ပြော
by -
မဇ္ဈိမ
ဇူလိုင် နှင့် သြဂုတ်အတွင်း ရေကြီးမှုများကြောင့် လယ်မြေဟက်တာ ငါးသိန်း (ဧက ၁၂ သိန်းကျော်) ပျက်စီးခဲ့ရပြီး ဆိတ်၊ နွား၊ ဝက်ကောင်ရေ နှစ်သိန်းခွဲ သေဆုံးခဲ့ခြင်းကြောင့် လယ်သမားတို့အတွက် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့က အောက်တိုဘာ ၂၀ ရက်နေ့က ပူးတွဲထုတ်ပြန်ကြေညာသည်။

“ထိခိုက် ဆုံးရှုံးခဲ့ရသော လယ်သမားများ အထူးသဖြင့် ဆင်းရဲမှုကြောင့် ပိုမို ထိခိုက်လွယ်သော အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စုများအတွက် မွေးမြူရေး တိရစ္ဆာန်များ၊ မျိုးစေ့များ၊ ဓာတ်မြေ သြဇာ နှင့် လယ်ယာသုံးပစ္စည်း ကိရိယာများ ကူညီကြရန်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့သည် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ကြရ သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms BUI THI LAN က “ဒီရေကြီး နစ်မြုမှုတွေကြောင့် ပျက်စီးဆုံးရှုံးရခြင်း တစ်ဝက်လောက်ဟာ စိုက်ပျိုးရေး ကဏ္ဍမှာဖြစ်ပြီး ထိုဒေသနေ ပြည်သူတွေဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြင့်သာ အသက်မွေးနေရပါတယ်။ သူတို့ရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်သလို လယ်ယာ ပြန်လည်ထူထောင်ရေးကိုလည်း ကူညီပေးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရေကြီးမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှုန်းနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တို့ကို ထိခိုက်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က တိုက်တွန်းထားသည်။

“ဒီလို ဆောင်ရွက်မှသာ အရေးပေါ် သုံးဖို့ လိုအပ်တဲ့ ငွေကြေး ရှာဖွေနိုင်မှာဖြစ်ပြီး ဘာဝဘေး အန္တရာယ်များ ကြံုတွေ့ပြီးချိန်တွင် စောလျင်စွာ ပြန်လည်ထူထောင်နိုင်ဖို့လည်း ထုတ်လုပ်မှု စွမ်းအား များ အသင့်ဖြစ်နေမှာပါ”ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်နှင့် နိုင်ငံညွှန်ကြားရေးမှူး DOM SCALPELLI က ပြောသည်။

ထိုသို့ မဟုတ်ပါက အစားအစာ လုံလောက်မှု လျော့ကျသွားနိုင်ပြီး အာဟာရ မပြည့်ဝခြင်း ဖြစ်ပေါ်လာ မည်ဟု ဆိုထားပြီး လယ်သမားတို့၏ ပိုင်ဆိုင်မှုများကို ရောင်းကာ အကြွေးနွံထဲ ပိုမိုနစ်မြှုပ်သွားနိုင် သည်ဟုလည်း စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့က သတိပေးထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...