“အစိုးရအနေနဲ့ ကလေးတွေကို ဖမ်းဆီးချုပ်နှောင်ထားတာကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကြေညာ ချက်ထုတ်တာပါ။ စားပွဲဝိုင်းမှာပဲဖြေရှင်းစေချင်တယ်။"ဟု အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က ကြေညာချက် ထုတ်ပြန်သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မဇ္ဈိမသို့ ပြောသည်။
အဆိုပါအထူးကြေငြာချက်ထဲတွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုင်းသိ ပြည်သိ ကမ္ဘာသိအောင် ဆောင်ရွက်ခဲ့ကြသော လေးပွင့်ဆိုင်ပညာရေးဆွေးနွေးမှ သဘောတူညီချက် ရလာဒ်များကို အစိုးရက အတိအလင်းချိုးဖောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသော ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းအား အင်အားအလွန်အကျွံအသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသူကျောင်းသားများအား ဖမ်းဆီးချုပ် နှောင်ထားခဲ့သည်မှာ အချိန်ကာလအားဖြင့် (၈)လနီးပါး အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု ပါရှိသည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ ကြသည့် ကျောင်းသားကျောင်းသူ အချို့ကိုလည်း ပြီးခဲ့သည့်ဇူလိုင်လအတွင်း ထပ်မံ ဖမ်းဆီးခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်ဟု ပါရှိသည်။
ကျောင်းသားများဖမ်းဆီးချုပ်နှောင်ခံထားရမှုနှင့် ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်မှ ကထိက ဆရာမ တစ်ဦးကလည်း “ကျောင်းသားဆိုတာကတော့ ကျွန်မတို့သားတွေပဲ။ သူတို့ယုံကြည်ချက်နဲ့ လုပ်ခဲ့ကြ တယ်။ ဒါဟာ သူတို့ရေးထိုးတဲ့သမိုင်းပဲ။ ဆရာမ တို့က ဝန်ထမ်းဆိုတော့ ဒီလောက်ပဲ။ လွှတ်ပေးစေချင် တယ်။ ဒီနေ့အချိန်ထိ အိသဥ္ဖာမောင် အပါအဝင် ကျောင်းသူကျောင်းသားတွေ အတွက် မျက်ရည်ကျမိ တယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ကျောင်းသားလူငယ်များသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ၎င်းတို့၏ ဆန္ဒများကို ရိုးသားစွာ ဖော်ထုတ်ခြင်းသာဖြစ်ပြီး တိုင်းပြည်နှင့်ပြည်သူလူထု၏ အကျိုးပျက်စီးရာ ပျက်စီးကြောင်းကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပိုမိုကောင်းမွန်သော ပညာရေးစနစ်တစ်ခု ထူထောင်နိုင်ရန်နှင့် ပိုမို ကောင်းမွန်သော တိုင်းပြည်၏ အနာဂတ်ခုတစ်ထူထောင်နိုင်ရေး အတွက်သာဖြစ်သည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ယုံကြည်ထားသည်။
"ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော ကျောင်းသားလူငယ်များကို ဖမ်းဆီးချုပ်နှောင်ထား ခြင်းသည် တိုင်းပြည်၏အနာဂတ်ကို ချုပ်နှောင်ထားခြင်းသာဖြစ်သည်ဟု မိမိတို့ ဆရာဆရာမများမှ လေးလေးနက်နက်ယုံကြည်ကပါသည်"ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
ယင်းအပြင် နိုင်ငံတော် သယံဇာတဖြစ်သော သစ်များကို ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို တစ်သက်တစ်ကျွန်းချမှတ်ပြီး ၈ရက်မြောက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း ကျောင်းသားများကိုမူ ဆက်လက်ဖမ်းဆီးထားသည်ကို အံ့သြစွာ တွေ့မြင်ရသည်ဟု ဆိုထားသည်။
လက်ရှိတွင် သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်မှာ အောက်တိုဘာ ၂၃ရက်မှ စတင်၍ အောက်တိုဘာ ၂၅ရက်နေ့တွင် သုံးရက်တိုင်ခဲ့ပြီဖြစ်သည်။








