အစာငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်းကို တိုက်ခွဲမထားရန် တောင်းဆိုရေး ပြင်ဆင်

အစာငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်းကို တိုက်ခွဲမထားရန် တောင်းဆိုရေး ပြင်ဆင်
by -
မဇ္ဈိမ
ဖမ်းဆီးခံ လက်ပံတန်း သပိတ်ကျောင်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြသူ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးကြောင့် ထောင်အတွင်း တိုက်ခွဲမထားရေးကို တောင်းဆိုသွားရန် ပြင်ဆင်နေသည်ဟု ၎င်း၏ အမျိုးသမီးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်က အောက်တိုဘာ ၂၄ ရက်တွင် မဇ္စျိမသို့ ပြောသည်။

“လက်ပံတန်း ဖြိုးခွင်းတုန်းက နံကြားကို စစ်ဖိနပ်နဲ့ အကန်ခံထားရတာ။ ထောင်ကျတော့ အဲဒါ ကိုက်တာကို အကိုက်အခဲ ပျောက်ဆေး ပဲ ပေးတယ်။ ဒါပေမယ့် အဲဒီဟာက သက်သာနေတယ်။ အခု အအေးဓါတ် ဝင်လာချိန်မှာ ပြန်ကိုက်နိုင်တယ်။ တစ်ယောက်တည်းနေရတော့ သူ့ကျန်းမာရေးအပေါ် စိတ်ပူတယ်။ အဲဒီအတွက် တခြား နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တိုင်ပင်ပြီး ထောင်အာဏာပိုင်ကို တောင်းဆိုဖို့တော့ စဉ်းစားနေတယ်”ဟု ၎င်းက ပြောသည်။

အစာအငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်း အပါအဝင် ဖမ်းဆီးခံ လက်ပံတန်း ကျောင်းသားများကို အောက်တိုဘာ ၂၇ ရက်တွင် လက်ပံတန်း တရားရုံး၌ ၂၄ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

ယင်းရုံးထုတ် စစ်ဆေးရာတွင် အစာအငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်း ပါဝင်ခြင်း မရှိပါက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် (ဗကသ) အနေဖြင့် ထောင်တွင်း တွေ့ဆုံရန်နှင့် ဖမ်းဆီးခံ ကျောင်းသားများနှင့်အတူ ၎င်းကို ပြန်လည်ထားရှိရေး ထောင် အာဏာပိုင်များကိုသာမက သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ တွေ့ဆုံတောင်းဆိုမည်ဟု ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုရှိန်းရာဇာထွန်းက ဆိုသည်။

“အခု ရေမဖြတ်သေးဘူးလို့ သိရတယ်။ တိုက်ခွဲတာကို ကျွန်တော်တို့ မလိုလားဘူး။ ကျန်းမာရေး အတွက် ဆရာဝန် ထားပေးဖို့၊ အကြမ်းမဖက်ဖို့ကို နိုင်ငံတစ်ကာ သံရုံးတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေ၊ နိုင်/ကျဉ်းအဖွဲ့ တွေကတစ်ဆင့် တောင်းဆိုဖို့ ပြင်ထားတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်သည့် လက်ပံတန်း ကျောင်းသားသပိတ်ကို ဖြိုခွင်းစဉ် မတ်လ ဒုတိယအပတ်အတွင်း ရဲတပ်ဖွဲ့က ဖြိုခွင်းကာ ပါဝင်သည့် ကျောင်းသားများကို ဖမ်းဆီးအရေးယူခဲ့ရာတွင် ကိုအောင်မှိုင်းဆန်းလည်း ပါ၀င်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပါအဝင် လက်ပံတန်း ကျောင်းသားသပိတ်တွင် ပါဝင်သူ ကျောင်းသားများကို သာယာဝတီ အကျဉ်းထောင်တွင် အစိုးရက ဖမ်းဆီးထားခြင်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...