လွိုင်လင်ခရိုင်၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား

လွိုင်လင်ခရိုင်၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား
by -
မဇ္ဈိမ
လွိုင်လင်ခရိုင် မြို့နယ်အချို့၌ ရွေးကောက်ပွဲကျင်းပရန် မသေချာသေးသော်လည်း ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်ထားသည်ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က မဇ္စျိမသို့ ပြောကြားသည်။

မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများရှိနေသောကြောင့် ရွေးကောက်ပွဲအား ခေတ္တယာယီ ရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-ကျားဖြူ မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ အောက်တိုဘာ ၁၉ ရက်နေ့က တင်ပြတောင်းဆိုထား သည်။

လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က ''ရွေးကောက်ပွဲကျင်းပဖြစ်တယ်၊ မဖြစ်ဘူးက မသေချာသေးဘူး။ ဒါပေမယ့် ကျင်းပဖြစ်ခဲ့ရင် အဆင်သင့်ဖြစ်အောင် မဲရုံပစ္စည်းတွေပို့ဖို့ တွေလုပ်နေတယ်။ ကြိုတင်မဲတွေလည်း လက်ခံနေတယ်။ အထူးရဲသင်တန်းတွေလည်း ပေးနေတယ်။ မဲဆန္ဒရှင်ပညာပေးအစဉ်တွေလည်း ပြုလုပ်နေကြပါတယ်။''ဟု ပြောသည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တင်ပြမှုမှာ ကျားဖြူပါတီတစ်ခုတည်း ဆန္ဒမဟုတ်ဘဲ ဒေသခံပြည်သူလူထု နှင့် လွိုင်လင်ခရိုင် ရွေးကောက်ပွဲလုံခြံုရေးနှင့် စီမံခန့်ခွဲရေးကော်မတီတို့က ပူးပေါင်းတင်ပြကြသည်ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို စောင့်နေပြီး၊ လတ်တလော ညွှန်ကြားမှု တစ်စုံတရာ မပေးသေးဘဲ၊ ဒေသအခြေအနေမှာ ငြိမ်သက်နေသည်ဟု ပြောမရသလို ပျက်ပြားနေ သည်ဟုလည်း ပြော၍မရကြောင်း ၎င်းပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမှု မြေပြင်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်မည်ဟု ပြောကြားသည်။

''ဒီကိစ္စ လူကြီးတွေ စဉ်းစားတိုင်ပင်နေတုန်းပါ။ မြေပြင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရအုံးမယ်။ သူတို့ တင်ပြတာ သေချာတယ်ဆိုမှ ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်၊ မသင့်ကို ဆုံးဖြတ်ကြမှာပါ။''ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးက မဇ္စျိမသို့ ပြောသည်။

မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ် (၃) ခု အတွင်း အခြေအနေတည်ငြိမ်အေးချမ်းမှ သင့်လျော်သည့် အချိန်၌ ကြားဖြတ် ရွေးကောက်ပွဲအဖြစ် ကျင်းပဆောင်ရွက်သင့်ကြောင်း ကျားဖြူပါတီက တင်ပြတောင်းဆိုထားသည်။

SSPP/SSA တပ်ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသသည် ကျေးသီးမြို့နယ်ထဲတွင်ပါဝင်ပြီး အောက်တိုဘာ ၆ ရက်နေ့မှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

အောက်တိုဘာ ၂၀ ရက်နေ့က မိုင်းစံမြို့နှင့်အောက်တိုဘာ ၂၁ ရက်နေ့က မိိုုင်းရှူးမြို့ပေါ် ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အဆောက်အဦဘေးတွင် မိုင်းပေါက်ကွဲမှုများဆက်တိုက်ဖြစ်ခဲ့သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...