ယင်းညီလာခံကို ကမာရွတ်မြို့နယ်ရှိ ယုဒဿန်ခန်းမ၌ ယခုလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပ နေပြီး ပြည်နယ်နှင့် တိုင်း ၁၄ ခုက လယ်သမားအဖွဲ့အစည်းများ၊ ဥပဒေရေးရာကျွမ်းကျင်သူများ၊ တောင်သူလယ်သမားအရေး တက်ကြွစွာ လှုပ်ရှားနေသည့် လူမူအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
တောင်သူလယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများသည် ဥပဒေ၊ နိုင်ငံရေး၊ စျေးကွက် အခြေအနေများနှင့်ပါ ဆက်နွယ်နေပြီး ဖြေရှင်းနိုင်ရန် အဖြေရှာနေဆဲအချိန်တွင် တောင်သူ လယ်သမားများ၏ ဓါးမဦးချ လုပ်ကိုင်လာမှုမှ ရရှိလာသည့် အခွင့်အရေးများ မဆုံးရှုံးစေရန် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
လယ်ယာမြေများကို နိုင်ငံတော် စီမံကိန်းများအပါအဝင် နည်းအမျိုးမျိုးနှင့် သိမ်းဆည်းချိန်တွင် လျှော်ကြေးပေးမှု အားနည်းခြင်းအပြင် ကြိုတင်ညိနှိုင်းမှုမရှိဘဲ သိမ်းဆည်းနေခြင်းမှ အပြည့်အဝ အကာအကွယ် ပေးနိုင်ရန် နိုင်ငံ၏ လက်ရှိဥပဒေများက အလှမ်းဝေးနေသေးကြောင်း မြေယာ အငြင်းပွားမှုများကို လိုက်ပါဆောင်ရွက်နေသည့် ဥပဒေပညာရှင်များက ဆိုသည်။
၁၉၆၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး အခုချိန်တွင် ပယ်ဖျက်ထားသည့် သီးစားချထားရေး ဥပဒေတွင် လယ်လုပ်ကိရိယာများနှင့် မြေယာလုပ် ကိုင်သူ သီးစားများ၏ ပစ္စည်းများကို ဝရမ်းကပ် သိမ်းဆည်းခြင်း၊ လူကို ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုခြင်းများ မပြုရန် စသည့်ပြဋ္ဌာန်းချက်များ ပါရှိရာ တောင်သူ လယ်သမားများ၏ အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ခဲ့သည်ဟု လယ်သမားတို့ကဆိုသည်။
ညီလာခံသို့ တက်ရောက်လာသည့် ကိုစည်သူက "လယ်ယာမြေ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ သိပ်ခက်တယ်။ ဘာလို့လဲဆိုတော့ ဖြေရှင်းရမယ့် သူကိုယ်တိုင်က လွှတ်တော်နိုင်ငံရေးတွေထဲမှာ ရောက်နေတာတွေ၊ အုပ်ချူပ်သူ လူတန်းစားတွေထဲမှာ ပါဝင်နေတာတွေရှိတယ်။ သူတို့ကိုယ်တိုင် ပါဝင်နေတာတွေ၊ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဖြစ်တဲ့အတွက် ဒါကိုဖြေရှင်းရင် သူတို့ ထိခိုက်မယ်။ အဲတော့ သူတို့တွေက ပုံသဏ္ဍန်အမျိုးမျိုးနဲ့ လှည့်စားပြီးတော့ ဖြေရှင်းပေးတာ ရှိမနေဘူး။ အဲတော့ နိုင်ငံရေးရဲ့ ဘောင်ထဲမှာ သူတို့ ဝင်ပြီးတော့ ကစားနေတယ်။ တောင်သူတွေကိုပဲ တစ်ခုခု လုပ်ပြီ၊ ပြောပြီဆိုရင် ထောင်ချတာတွေ တရားစွဲတာတွေကိုပဲ တောက်လျှောက် လုပ်ပစ်နေတယ်။ အာဏာပိုင်အဖွဲ့အစည်း လူထုလူတန်းစားဖက်က ဘက်တော့မှ ရပ်တည်တာမဟုတ်ဘူး"ဟု ပြောသည်။
ဓါးမဦးချ လုပ်ကိုင်ခဲ့သည့်ေ တာင်သူလယ်သမားများမှာ ၎င်းတို့၏ လယ်ယာမြေများကို ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သည် ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြေရေများ၏ မှုရင်းပိုင်ရှင်မှာ နိုင်ငံတော်သာ ဖြစ်သည်ဟု ပြဌာန်းထားသည်။







