မဲပေးရမည့် နေ့တွင် မဲစားရင်း၌ မပါသူများ ပြဿနာ စတင်မည်ကို နေပြည်တော်ရဲ စိုးရိမ်

မဲပေးရမည့် နေ့တွင် မဲစားရင်း၌ မပါသူများ ပြဿနာ စတင်မည်ကို နေပြည်တော်ရဲ စိုးရိမ်
by -
မဇ္ဈိမ
ရွေးကောက်ပွဲ မဲပေးမည့်နေ့တွင် မဲဆန္ဒရှင်စားရင်း၌ အမည်မပါဝင်သူများက မဲရုံပတ်ဝန်းကျင်များတွင် မဲပေးခွင့် မရရှိမှုအကြောင်းပြ၍ ပြဿနာ စတင်ဖြစ်ပွားမည်ကို စိုးရိမ်သည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဦးစိုးညွှန့်က ပြောသည်။

ယင်းအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားပြီး မဲရုံမှူး၏ ဆုံးဖြတ်ချက်မှာ အဓိက ကျသည်ဟု ပြောသည်။ “မဲရုံမှူးက အင်းအားတောင်းခံလာရင်လည်း မဲရုံမှူးရဲ့ဆုံးဖြတ်ချက်ပဲ။ ကိုက်ငါးရာ အတွင်းမှာပါ၊ ဒီလူတော့ ဖမ်းပေးပါ။ ဒီလူတော့ အမှုဖွင့်ပေးပါ။ ဒီလူတော့ ဘာလုပ် ပေးပါဆိုရင် ကျွန်တော်တို့ ရဲက ဝင်ပြီးတော့ ဆောင်ရွက်ပေးမှာ”ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲကာလတွင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲလက်မှတ် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်ခြင်းများ၊ ပုံသေလုံခြုံရေး၊ မိုင်းရှာရဲတပ်ဖွဲ့ဝင်များ၊ မိုင်ရှာခွေးများဖြင့် ဗဟိုစည်း၊ အနီးစည်း၊ အဝေးစည်း၊ အတွင်းစည်း၊ အပြင်စည်းဟူ၍ အုပ်စုခွဲ၍ အသင့် စုဖွဲ့ဆောင်ရွက်မည်ဟုလည်း သိရသည်။

နေပြည်တော်တွင် လာမည့် နို၀င်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကာလကို လုံခြံုရေး လိမ္မော်ရောင် အဆင့် သတ်မှတ်ထား၍ ဆောင်ရွက်သွားမည် ဖြစ်သည်။ လိမ္မာရောင် လုံခြုံရေးအဆင့်တွင် နေပြည်တော်၌ နို၀င်ဘာ ၈ ရက်နေ့ မဲပေးသည့်နေ့၌ အထူး ရဲခြောက်ရာကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် များကို သက်ဆိုင်မြို့နယ်ရှိ မဲရုံများ၏ ကိုက် ၅၀၀ နယ်နိမိတ် ပတ်လည်နေရာများတွင် တာဝန်ချထား မည်ဖြစ်ကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးမှ ဒုရဲမှူးဦးစိုးညွှန့်က အောက်တိုဘာ လဆန်းတွင် ပြောဆိုထားသည်။

“မဲရုံ ၆၁၄ ရုံအတွက် ဗဟိုစည်းအနေနဲ့ သတ်မှတ်ပြီးတော့မှ အဲ့ဒီမှာ ဗဟိုစည်းအင်အားကို ကျွန်တော်တို့ အထူးရဲနဲ့ အရန်မီးသတ်ကနေပြီးတော့မှ အဓိက ဆောင်ရွက်သွားဖြစ်ပါတယ်။ အထူး ရဲကတော့ ဒီအငြင်းပွားမှုပါတ်သက်ပြီး သူရဲ့သတင်းရရှိမှုကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒုရဲမှူးစိုးညွှန့်က ပြောသည်။

မဲဆွယ်စည်းရုံးကာလ စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ လုံခြုံရေး အပြာရောင် အဆင့် သတ်မှတ်ဆောင်ရွက်နေသည်ဟု ဆိုသည်။ ရွေးကောက်ပွဲ အလွန်ကာလကို နိုဝင်ဘာ ၁၅ ရက်နေ့မှ ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ကြေညာပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီးစီးသည့် အချိန်အထိ လုံခြုံရေးအဆင့် အစိမ်းရောင်ကာလ သတ်မှတ်၍ ဆောင်ရွက်မည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ အရာရှိက ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...