ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် တာဆမ်းပူး ကူးတို့ဆိပ် အနီးတဝိုက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၁ နာရီချိန်မှ စတင်၍ ညနေ ၃ နာရီချိန်ထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလကလည်း ပြောသည်။
“မနေ့က မိုင်းနောင်ကို အစိုးရစစ်တပ်အင်အားဖြည့်တယ်။ သူတို့စစ်ကူကို စောင့်နေလို့၊ ကားအစီး ၁၅ စီးလောက် တက်လာတယ်။ တခစ မှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်လည်း မိုင်းနောင်ကို ရောက်နေတယ်။ ဒါကြောင့်မို့ ဒီနေ့ ၁၁ နာရီမှာ ဟိုင်းပါဘက်မှာ ပြန်ဖြစ်နေတယ်။ အဓိက လက်နက်ကြီးတွေနဲ့ တအားပစ်တယ်။ ကျနော်တို့လည်း တတ်နိုင်တလောက် ခုခံနေတယ်”ဟု သူက မဇ္စျိမသို့ ပြောသည်။
အောက်တ်ုိဘာ ၂၀ ရက်နေ့ကမူ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရ တပ်မတော်ဘက်မှ စစ်တပ် ကား ၁၅ စီးခန့် မိုင်းနောင်ဘက်က တိုးမြင့်လာပြီး အင်အားများ တိုးမြင့်လာကာ ယနေ့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။
တိုက်ပွဲကြောင့် မိုင်းရှူး၊ မိုင်းနောင်နှင့် တန်ယန့်မြို့နယ်များ၊ ဝမ်းဆော့၊ ဝမ်ဟိုင်းနှင့် တန့်ယန့် မုန့်လုံတို့တွင် ဒေသခံ စစ်ပြေးဒုက္ခသည် ၃၀၀၀ ခန့်ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်နေသည်။
“အတိအကျတော့ ပြောလို့မရသေးဘူး။ တနေ့နဲ့တနေ့ ပိုပြီးတော့ များလာတယ်ဆိုတော့ အခုလောလောတယ်။ သုံးနေရာ လေးနေရာလောက် ရှိတယ်။ တချို့ဆိုရင် အမျိုးတွေ အိမ်မှာ လိုက်တက်နေကြတယ်။ အခု စားနပ်ရိက္ခာတော့ တကယ့် လိုအပ်ချက်ပါပဲ”ဟု ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)မှ နန်းကော်ခမ်းက မဇ္စျိမသို့ ပြောသည်။
မိုင်းရှူးမြို့နယ် ဟိုင်းပါဘုန်းကြီးကျောင်းတွင် ၁၀၀၀ ကျော် ၊ ၀မ့်ဆော့တွင် ၁၀၀၀ ခန့်၊ မိုင်းနောင်တွင် ၄၀၀ ကျော်၊ တန့်ယန်းမြို့နယ် လုံမုန့်တွင် ၃၀၀ ကျော် ရှိရာရှိပြီဖြစ်ကာ အချို့မှာ မိမိတို့ ဆွေးမျိုးများ နေအိမ်များသို့ ခိုလှုံနေသူများလည်း ရှိသည်ဟု သူက ပြောသည်။
ဝမ်ဟိုင်းမှ ရှမ်းအမျိုးသမီး နန်းဟိန်းခမ်းကလည်း “ဒုက္ခသည်တွေက အခုအချိန်က ကောက်ရိတ်သိမ်း တဲ့ အချိန်ဆိုတော့ ကောက်မသိမ်းရမှာကို စိုးရိမ်တဲ့ စိတ်တွေ၊ သူတို့ အစားအသောက် ခက်ခဲမှာကို စိုးရိမ်နေကြတယ်။ အခုက ကူညီတဲ့လူတွေ ရှိတယ်။ ဒီထက်ကြာရင်တော့ မလွယ်ဘူး”ဟု သူက မဇ္စျိမသို့ ပြောသည်။
စစ်ပြေးဒုက္ခသည်များအား ကူညီရန်အတွက် SWAN အဖွဲ့မှ အလှူးငွေများ ကောက်ခံနေသည်ဟု သူက ပြောသည်။ ထို့အပြင် စစ်ပြေးဒုက္ခသည်များ စားဝတ်နေရေးအတွက် တောင်ကြီးမြို့အခြေစိုက် နမ့်ခုံး ပရဟိတအဖွဲ့၊ ရှမ်းလူငယ်များအဖွဲ့တို့က ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်နေသည်ဟု သူက ပြောသည်။
“အခု သူတို့တောင်းဆိုလာ တာကတော့ ဆေးဝါးရယ်။ အခုက မိုးကလည်းရွာတော့ အရမ်းအေးတယ်၊ အဝတ်အစား၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ရိက္ခာတွေ လိုနေတယ်လို့ ပြောနေတယ်။ ဝမ်းရောဂါလည်း ဖြစ်နေတယ်။ သွေးလွန် တုတ်ကွေးတွေလည်း ဖြစ်နေကြတယ်လို့ ပြောတယ်။ အခုက ကျန်းမာရေး စောင့်ရှောက်မှု မရောက်နိုင်ဘူး။ တိုက်ပွဲဖြစ်နေလို့ မသွားရဲကြဘူး ဖြစ်နေတယ်”ဟု ချင်းမိုင်မြို့ အခြေစိုက် ရှမ်းအမျိုးသမီးအဖွဲ့မှ ယိန်းဟန်ဖက မဇ္စျိမကို ပြောသည်။
စစ်ပြေးဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်တွင် ရှမ်းတိုင်းရင်းသားများ အပါအဝင်၊ လားဟူ၊ ပလောင် တိုင်းရင်းသားများလည်း ပါဝင်နေသည်ဟု သူက ပြောသည်။အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် အလှူငွေများကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချင်းမိုင်များတွင် ရှမ်းလူမှု အဖွဲ့အစည်းများကလည်း အလှူငွေများ ကောက်ခံလျှက်ရှိသည်။
အောက်တိုဘာလ ၆ ရက်မှစတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ထိုးစစ်ဆင်မှုများ ရှိနေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု SSPP က ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က SSPP/SSA က အဆင်ပြေစွာ ညှိနှိုင်းရေးကို ဦးစားပေးပြီး မိုင်းရှူး မြို့နယ်အတွင်းရှိ တာဆမ်းပူး ကူးတို့ဆိပ်ကို ဖယ်ပေးလိုက်ရသည်ကို အောက်တိုဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။







