“ထိခိုက် ဆုံးရှုံးခဲ့ရသော လယ်သမားများ အထူးသဖြင့် ဆင်းရဲမှုကြောင့် ပိုမို ထိခိုက်လွယ်သော အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများအတွက် မွေးမြူရေး တိရစ္ဆာန်များ၊ မျိုးစေ့များ၊ ဓာတ်မြေ သြဇာနှင့် လယ်ယာသုံး ပစ္စည်း ကိရိယာများ ကူညီကြရန်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့သည် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ကြရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms BUI THI LAN က “ဒီရေကြီး နစ်မြုမှုတွေကြောင့် ပျက်စီးဆုံးရှုံးရခြင်း တစ်ဝက်လောက်ဟာ စိုက်ပျိုးရေး ကဏ္ဍမှာ ဖြစ်ပြီး ထိုဒေသနေ ပြည်သူတွေဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြင့်သာ အသက်မွေးနေရပါတယ်။ သူတို့ရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်သလို လယ်ယာ ပြန်လည်ထူထောင်ရေး ကိုလည်း ကူညီပေးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရေကြီးမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှုန်းနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တို့ကို ထိခိုက်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က တိုက်တွန်းထားသည်။
“ဒီလို ဆောင်ရွက်မှသာ အရေးပေါ် သုံးဖို့ လိုအပ်တဲ့ ငွေကြေး ရှာဖွေနိုင်မှာဖြစ်ပြီး ဘာဝဘေး အန္တရာယ်များ ကြံုတွေ့ပြီးချိန်တွင် စောလျင်စွာ ပြန်လည် ထူထောင်နိုင်ဖို့လည်း ထုတ်လုပ်မှု စွမ်းအားများ အသင့်ဖြစ်နေမှာပါ”ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်နှင့် နိုင်ငံညွှန်ကြားရေးမှူး DOM SCALPELLI က ပြောသည်။
ထိုသို့ မဟုတ်ပါက အစားအစာ လုံလောက်မှု လျော့ကျသွားနိုင်ပြီး အာဟာရ မပြည့်ဝခြင်း ဖြစ်ပေါ်လာမည်ဟု ဆိုထားပြီး လယ်သမားတို့၏ ပိုင်ဆိုင်မှုများကို ရောင်းကာ အကြွေးနွံထဲ ပိုမိုနစ်မြုပ်သွားနိုင်သည်ဟုလည်း စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့က သတိပေးထားသည်။







