ထိုသို့ မြေသိမ်းရန်အတွက် ဒေသခံ ၂၀၀ ကျော်က နံနက် ၁၀နာရီတွင် ရေကြည်ကျေးရွာ အောင်သုခ တောရကျောင်းတိုက်မှ စစ်မှုထမ်းဟောင်း လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ချီတက်ခဲ့ပြီး ယာမြေများ ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့အပြင် သင်တန်းကျောင်းအတွင်းသို့ ဝင်ရောက်ရန် တံခါးဖွင့်ခိုင်းရာတွင် ဖွင့်မပေးခဲ့သောကြောင့် ဒေသခံတောင်သူများက တံခါးကို ဖြုတ်ဝင်ကာ ယာမြေများကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ အဆိုပါ မြေများပေါ်သို့ အလံများစိုက်ပြီး ဘိုးဘွားပိုင်မြေ မကျူးကျော်ရဆိုင်းဘုတ်များစိုက်ပြီး ယာစောင့်တဲ များတည်ဆောက်ကာ ထွန်စက်များဖြင့် စတင်ထွန်ယက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ရေကြည်ရွာမှ ဦးမောင်သောင်းက “တံခါးဖွင့်ခိုင်းတယ်။ ဖွင့်မပေးလို့ တံခါးကို ဖြုတ်ဝင်တယ်။ တခြား ပစ္စည်းဘာမှ မဖျက်ဆီးဘူး။ လွတ်နေတဲ့ ပိုလျှံနေတဲ့ မြေနေရာတွေကို သိမ်းပြီး ထွန်ယက်တာတွေ လုပ်မယ်။ ပြီးရင် ဆောင်နေကြာစိုက်မယ်”ဟု ပြောသည်။
ယင်းလယ်ယာမြေများကို ဗဟိုမီးသတ်သင်တန်းကျောင်း စီမံကိန်း အကောင်အထည်မဖော်ခဲ့ဘဲ ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီး စစ်မှုထမ်းဟောင်း လေ့ကျင့်ရေး သင်တန်းကျောင်းကို တည်ဆောက်အသုံးပြုခဲ့ခြင်းဖြစ်သည်။
ထိုသင်တန်းကျောင်းအတွက် မြေ ငါးဧကသာ သုံးခဲ့သည့်အတွက် ပိုလျှံမြေများကို ဒေသခံများအား ပြန်ပေးရန် ၂၀၀၅ခုနှစ်က စတင်တောင်းဆို ခဲ့သော်လည်း ယနေ့ချိန်ထိ ပြန်မပေးသေးသည့်အတွက် မြေသိမ်းတိုက်ပွဲ ဆင်နွဲခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်သူ ဦးမျိုးဝင်းက ပြောသည်။
“မူလစီမံကိန်းမအောင်ရင် ကျွန်မတို့ကို ပြန်လွှဲပေးရမယ်လေ။ အခုဟာက အဲလိုမလုပ်ဘဲ စစ်မှုထမ်း ဟောင်းကို လက်ပြောင်းပေးတယ်။ ဒါမျိုးလုပ်တာကြောင့် သက်သက်မဲ့ကို ကျွန်မတို့ ဘဝတွေကို ပျက်စီးသွားအောင် လုပ်လိုက်တာပဲ။အဲဒီစစ်မှုထမ်းဟောင်းတွေက ဒီမြေတွေ အကုန်လုံး ခြံခတ်ပြီး သူတို့ပဲ လုပ်စားနေတယ်။ ကျွန်မတို့ ဓားမဦးချမြေပိုင်တွေက ငတ်နေရတယ်။ မခံနိုင်တော့လို့ အခုလို လုပ်တာပဲ။ ထွန်တုံးတိုက်ပွဲ မဟုတ်ဘူးနော်။ မြေသိမ်းတိုက်ပွဲ”ဟု မြေသိမ်းခံတောင်သူ မနှင်းအေးက ပြောသည်။
အဆိုပါ ယာမြေများသိမ်းဆည်းခဲ့စဉ်က ဒေသခံတောင်သူများအား သီနှံလျှှော်ကြေးသာ ပေးလျော်ခဲ့ပြီး တောင်သူများ၏ ယာတဲများကိုဖျက်ကာ နှင်ထုတ်ခဲ့သည်ဟု အသက် ၈၂ နှစ်အရွယ် ဦးဖိုးသံက ဆိုသည်။
“အဘတို့ ဒီအတိုင်းထွက်ပေးခဲ့ရတယ်။ ဒီနေ့အချိန်ထိ မြေပြန်မပိုင်တော့သလို အဘသားသမီးတွေ လည်း သူများစီ ကျွန်ခံနေရတယ်။ အဘအနေနဲ့က ဒီအစိုးရကို တစ်ခုလောက်ပြောချင်တယ်။ သူတို့ သက်တမ်းလေး မကုန်ခင် တောင်သူတွေကို ကောင်းတာလေးတစ်ခုလောက် ပေးစေချင်တယ်”ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းဟောင်းလေ့ကျင့်ရေး သင်တန်းကျောင်းမှ ဗိုလ်ကြီး မြင့်အောင်က “ကျွန်တော်တို့ အနေနဲ့ကတော့ ဘာမှပြောစရာမရှိသေးဘူး။ အထက်ကိုတင်ပြပြီးမှ ပြောလို့ရမယ်။ သူတို့တံခါးကို ဖျက်ဝင်တယ်။ သူတို့ဘာဆက်လုပ်မယ်ဆိုတာ မသ်ိသေးဘူး။ ကျွန်တော်တို့ ပိုင်နက်ထဲမှာတော့ ညီလေးမြင်တဲ့ အတိုင်းပဲ။ အေးအေးဆေးဆေးပဲ ဖြစ်စေချင်တယ်"ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မဇ္ဈိမက သွားရောက်မေးမြန်းရာ တာဝန်မှူး တပ်ကြီးတစ်ဦးက မွန်းလွဲ ၂ နာရီ အထိ လာရောက်အမှုဖွင့်တိုင်ကြားခြင်းမရှိသေးကြောင်း ဆိုသည်။
မြေသိမ်းတောင်သူများသည် အဆိုပါနေရာမှ ပြန်လည်ထွက်ခွာမှု မပြုလုပ်ဘဲ ယာစောင့်တဲများ ဆောက်ကာ နေထိုင်၍ တိုက်ပွဲဝင်သွားရန် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဒေသခံတောင်သူများက ဆိုသည်။







