ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ ယနေ့ အောက်တိုဘာ ၂ ရက်နေ့၊ ဟားခါးမြို့၊ ဗိုလ်ကြွန်ဘိခ် ခန်းမတွင် ပြုလုပ်သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ချင်းပြည်နယ် ရဲတပ်ဖွဲ့ရုံး၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ရဲမှူးကြီး ဦးမြင့်နိုင်က တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများထံ ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်သည်။
ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောတွင် CNF နေရာယူနေခြင်း၊ ပလက်ဝမြို့နယ်အတွင်း နယ်စပ် ဒေသတချို့တွင် ရခိုင်တပ်မတော် အမည်ခံ AA လက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေခြင်း၊ တွန်းဇံမြို့နယ် အတွင်း ကျေးလက်ဒေသအချို့တွင် အိန္ဒိယ လူမျိုးစု လက်နက်ကိုင် တစု အဝင်အထွက်ရှိနေခြင်း တို့ကြောင့် လုံခြုံရေးအရ ယခုကဲ့သို့ အဝါရောင်အဆင့်ဖြင့် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
CNF မှ တာဝန်ရှိတဦးကမူ “ငါတို့ နယ်မြေမှာက အဝါရောင်လို့တောင် သတ်မှတ်စရာမလိုပါဘူး။ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပဲ အဓိကပါ။ ပြည်သူတွေ လွတ်လပ်လုံခြုံစွာနဲ့ မဲထည့် စေချင်တယ်” ဟု ပြောသည်။
ရှင်းလင်းချက်တွင် ရွေးကောက်ပွဲလုံခြုံရေးအရ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ ညှနှိုင်း ဆောင်ရွက်ရာတွင် အပစ်ရပ်လက် နက်ကိုင်အဖွဲ့များ၏ သက်ဆိုင်ရာ ဆက်ဆံရေးရုံးများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးဗဟို(MPC) နှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး ပါဝင်သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှု အခက်အခဲများနှင့် ဖြေရှင်းရန် နည်းလမ်းများနှင့် ပါတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီအမံ အသေးစိပ်များကို Project ဖြင့် ဒုတိယ ရဲမှူးကြီးက ရှင်းလင်းခဲ့သည်။
ထို့အပြင် အခမ်းအနား အဖွင့်မိန့်ခွန်းတွင်လည်း ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင်က လက်ရှိ ချင်းပြည်သူ များ ကြုံတွေ့နေသည့် သဘာဝဘေးဒါဏ်ကြောင့် ရွေးကောက်ပွဲအတွက် ကြုံတွေ့နေသည့် ကြုံတွေ့ လာနိုင်သည့် အခက်အခဲများ နှင့် ပူးပေါင်းဖြေရှင်းရေးပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလင်းကျော်မှလည်း ဒီမိုကရေစီ နိုင်ငံအတွင်း ရွေးကောက်ပွဲ အရေးကြီးပုံ၊ မဲစာရင်း၊ မဲပေးသင့်သည်၊ မဲကို မည်သို့ ပေးရမည် စသည်တို့ကို ရှင်းလင်းခဲ့သည်။
ရှင်းလင်းမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် တာဝန်ကျမည့် အမျိုးသမီး ဝန်ထမ်းတဦးက ရှင်းလင်း ချက်များသည် အသေးစိပ်ကျသော်လည်း ကြေလည်မှုမရှိကြောင်း ပြောသည်။ သူမက “ရှင်းလင်းချက် တွေက ကောင်းပါတယ်။ ဒါပေမဲ့ အချိန်နည်းလွန်းတဲ့အတွက် ကျမအတွက်တော့ အနည်းအကျဉ်း ဝေဝါးနေသေးတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ရင်းနဲ့ နားလည်အောင် လုပ်ရမှာပေါ့နော်”ဟု ပြောသည်။
ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံးအထွေထွေရွေးကောက်ပွဲကာလအတွင်း ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချင်းပြည်နယ် (၉)မြို့နယ် မဲဆန္ဒနယ် အားလုံးတွင် အထူးရဲတပ်ဖွဲ့ အင်အား ၁၀၂၉ ဦး၊ တာဝန်ချထားမည် ဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများမှလည်း ဝန်းရံပံ့ပိုးကြမမည်ဖြစ်သည်ဟု သိရသည်။







