မနောကွင်းအား အသုံးမပြုရန် တားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မပြောင်း

မနောကွင်းအား အသုံးမပြုရန် တားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မပြောင်း
by -
မဇ္ဈိမ
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းနှင့် မဂျွယ်ခန်းမအား မဲဆွယ်စည်းရုံးဟောပြောခွင့်မပြုရ ဟု ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ အောက်တိုဘာ ၂ ရက်နေ့၌် ဟောပြောမည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

ကချင်မျိုးနွယ်အားလုံး၏ အထွဋ်အမြတ်အဖြစ် သတ်မှတ်ထားသဖြင့် ပါတီ၊ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်အတွက် သုံးစွဲခြင်းအား ခွင့်ပြုပါက ပါတီများအတွင်း၊ လူမျိုးစုအတွင်းပြဿနာ များဖြစ်ပွားလာနိုင်သည်ဟု အကြောင်းပြ၍  ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးဇော်သိန်းက ကချင်လူမျိုးများရိုးရာ ယဉ်ကျေးမှုကော်မတီသို့ စာထုတ်အကြောင်းကြားထားသည်။

NLD ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေး သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဦးကျော်ကျော်ဦးကမူ “ဟောပြောမယ့်နေရာကို တင်ပြပြီးရင် လုပ်လို့ရတယ်ဆိုတာ ရွေးကောက်ပွဲဥပဒေမှာ ပြဋ္ဌာန်းပြီးသား၊ မနောကွင်းက အစိုးရ ပိုင်တာမဟုတ်ဘူး၊ ကချင်ရိုးရာကော်မတီကပိုင်တာ သူတို့ကို ခွင့်ပြုချက် တောင်းတယ်။ သူတို့ကလည်း ခွင့်ပြုတယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီနေရာမှာပဲ လုပ်မှာပါ။ နေရာမရွှေ့ပါဘူး”ဟု  မဇ္စျိမသို့ ပြောကြားသည်။

ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟိုကော်မတီပိုင် မနေကွင်းနေရာအား စက်တင်ဘာ ၂၂ ရက်နေ့၌ ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲနေရာအဖြစ် အသုံးပြုခွင့်ပေးကြောင်း ကချင်လူမျိုးများရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌက လက်မှတ်ရေးထိုး၍ စက်တင်ဘာ ၂၃ တွင် NLD မြစ်ကြီးနားမြို့နယ် ဥက္ကဌအား အကြောင်းကြားထားပြီးဖြစ်သည်။

မနောကွင်းနှင့် မဂျွယ်ခန်းမအား သုံးခွင့်ပေးခြင်းကြောင့် နိုင်ငံရေးပါတီများနှင့် မျိုးနွယ်စုများအကြား ပြဿနာဖြစ်ပွားလာပါက သက်ဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များအား ဥပဒေနှင့်အညီ အရေးယူမည် ဟု ဖော်ပြပါရှိသည့် အတွင်းရေးမှူး ဦးဇော်သိန်း၏စာသည် အတည်ဖြစ်ပြီး ယနေ့ထိ မဖျက်သိမ်း ရသေးကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က မဇ္စျိမသို့ ပြောသည်။

ကချင်ပြည်နယ်၊ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကမူ “ကျွန်တော်တို့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းစရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ အဓိက ညှိနှိုင်းသွားမှာပါ”ဟု မဇ္စျိမသို့ ဖြေကြားသည်။

မနောကွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပြုသည့် အကြောင်းကြားစာမိတ္တူအား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးကလည်း လက်ခံရရှိထားသည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောသည်။ မနောကွင်း၌ မဲဆွယ်စည်းရုံးဟောပြောခွင့်ကို NLD ပါတီ တစ်ခုတည်းသာ တင်ထားခြင်းဖြစ်ပြီး၊ ကော်မရှင် ဆွေးနွေးညှိနှိုင်းနေသည်ဟု ၎င်းက မဇ္စျိမသို့ ပြော ကြားသည်။

ကချင်ပြည်နယ်အတွင်း အခြားပါတီ ၁၇ ပါတီနှင့် အတူပါ၀င်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးမနမ်တူးဂျာက “ပြည်နယ်အစိုးရက ကချင်မျိုးနွယ်စုတွေနဲ့ သက်ဆိုင်တဲ့နေရာဖြစ်လို့ ပါတီတစ်ခုကို ဌားလိုက်ရင် နောက်ပါတီတွေကလာ ဌားမယ်၊ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှာစိုးလို့ မဌားတာနေမှာပါ။ ပါတီ အချင်းချင်းက အပြိုင်အဆိုင်ပြောဆိုကြမယ်။ ခုခွင့်ပြုလိုက်ရင် နောက်ပိုင်းရှုပ်ကုန်မယ့် စိုးရိမ်စိတ်နဲ့ တားမြစ်တာလို့ထင်ပါတယ်။”ဟု ၎င်း၏ အမြင်ကို ပြောသည်။

ပြည်ခိုင်ဖြိုး ပါတီရုံးသို့လည်း အစိုးရအဖွဲ့၏ အကြောင်းကြားစာရောက်ရှိပြီး၊ ထိုမနောကွင်းတွင် မဲဆွယ်ဟောပြောရန် ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲ၊ ပါတီအနေဖြင့် ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်တွင် စည်းရုံးရေးလုပ်နေသည်ဟု ကချင်ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုးသိန်းက ပြောကြားသည်။

မနောကွင်းအနီး စီတာပူရပ်ကွက်တွင် နေထိုင်သော ကချင်အမျိုးသမီးတစ်ဦးကမှု မဂျွယ်ခန်းမထဲတွင် ကချင်လူမျိုးအပြင် အခြားလူမျိုးများ၏ မင်္ဂလာဧည့်ခံပွဲများ ပြုလုပ်ခြင်းနှင့် မနောကွင်းအတွင်း စတိတ်ရှိုးပွဲများ မကြာခဏပြုလုပ်လေ့ရှိသည်ဟု ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...