ပြောင်းလဲချိန်တန်ပြီဆိုတာ အရင်ကတည်းက သိခဲ့တာလို့ ကြံ့ခိုင်ရေးပါတီပြော

ပြောင်းလဲချိန်တန်ပြီဆိုတာ အရင်ကတည်းက သိခဲ့တာလို့ ကြံ့ခိုင်ရေးပါတီပြော
by -
မဇ္ဈိမ
စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ် ထွက်လာသည့် ၂၀၀၈ခုနှစ်ကတည်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ သင့်ကြောင်း သိရှိနားလည်ခဲ့သည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောသည်။

“၂၀၀၈ခုနှစ်ကတည်းက ပြည်သူတွေလိုလားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ပြည်သူ့ဆန္ဒအတိုင်း ပြောင်းလဲချိန်တန်ပြီလို့ အဲ့ဒီအချိန်ကတည်းက သုံးသပ်ခဲ့လို့ အဲ့ဒီလိုပြင်ဆင်ပြီးတော့မှ ပြောင်းလဲနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဦးတင်နိုင်သိန်းက ပြောသည်။

စက်တင်ဘာ ၂၈ရက်၊ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ပြည်စံအောင်ရပ်ကွက်တွင် ပြုလုပ်သော ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးကလို့ ဆိုရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ၂၀၀၈ခုနှစ်ကတည်းက သိရှိခဲ့ပြီး ပြောင်းလဲရန် သိရှိနားလည်ခဲ့သည် ဆိုသည့် ကြံ့ခိုင်ရေးပါတီသည် အာဏာရလာသည့် ၂၀၁၁ခုနှစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းခဲ့သော်လည်း အစိုးရသက်တမ်းတစ်ခုဖြင့် ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံတစ်ခုမဖြစ်နိုင်ဟု ဆိုသည်။

“ဒီမိုကရေစီအသီးအပွင့်ခံစားဖို့အတွက်ကို ဒီမိုကရေစီပင်စိုက်မယ်ဆိုလို့ရှိရင် ရာသီပင်စိုက်သလို မဟုတ်ပါဘူး။ စပါးတို့၊ ပြောင်းတို့၊ ပဲတို့ စိုက်သလိုမဟုတ်ပါဘူး။ နှစ်ရှည်သီးနှံပင်ကြီး စိုက်ပျိုးရသလိုပါပဲ” ဟု ဦးတင်နိုင်သိန်းက ပြောသည်။

ပါတီဝင် ထောင်ပေါင်းများစွာ တက်ရောက်သည့် အဆိုပါ တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေမှ ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် ကြံ့ခိုင်ရေးပါတီအမတ်လောင်းများလည်း တက်ရောက်ကာ ပါတီဝင်များနှင့် မိတ်ဆက်ကြသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က “ဒီရွေးကောက်ပွဲကို ယုံကြည်ချက်အပြည့်အဝနဲ့ ဝင်ရောက်မှာဖြစ်ပါတယ်” ဟု မဲဆွယ်စကား ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်အမတ်လောင်း ဦးလှဌေးဝင်းကလည်း ပြောင်းလဲချိန်တန်ပြီလို့ ပြောဆိုနေမည့်အစား စစ်မှန်သော ပြောင်းလဲမှုကို လိုလားလျှင် ကျွန်တော်တို့နှင့် လက်တွဲပါဟု ပြောဆိုသွားသည်။

အဆိုပါ တွေ့ဆုံပွဲမပြီးဆုံးခင် ပါတီဝင်များက ထပြန်ကြသည့်အတွက် “ပါတီဝင်လူထုကြီးခင်ဗျာ…။ ကျွန်တော်တို့ပါတီရဲ့ စည်းကမ်းပြည့်ဝတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ အခမ်းအနားလေး ပြီးဆုံးအောင် ခေတ္တအောင့်အီးပေးကြပါ။ မေတ္တရပ်ခံပါတယ်” ဟု ပါတီ၏ တာဝန်ရှိသူတစ်ဦးက ကြေညာခဲ့ရသေးသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း “ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဟူသည့် ဆောင်ပုဒ်မဖြင့် နိုင်ငံအဝှမ်း မဲဆွယ်စည်းရုံးနေပြီဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...