ရန်ကုန်လူငယ်ကွန်ရက်က ရွေးကောက်ပွဲနေ့တွင် လူငယ်များ၏ သဘောထား အမြင်တောင်းခံမည်

ရန်ကုန်လူငယ်ကွန်ရက်က ရွေးကောက်ပွဲနေ့တွင် လူငယ်များ၏ သဘောထား အမြင်တောင်းခံမည်
by -
မဇ္ဈိမ
ရန်ကုန်လူငယ်ကွန်ရက်(Yangon Youth Network)က လာမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲလာထည့်သည့် လူငယ်များ၏ သဘောထားအမြင်ကောက်ခံမည်ဖြစ်သည်။

သဘောထားအမြင်များ တောင်းခံပေးမည့် စောင့်ကြည့်လေ့လာရေး စေတနာ့ဝန်ထမ်း လူငယ်များကို စက်တင်ဘာ ၂၈ ရက်နေ့၊ နောက်ဆုံးထား၍ ဆက်သွယ်ပေးကြရန် ရန်ကုန်လူငယ်ကွန်ရက်က ကြေညာထားသည်။

“မဲရုံကို လူငယ်တွေ ဘယ်လောက်လာသလဲ။ မဲပေးခွင့်ရရဲ့လားဆိုတာ စောင့်ကြည့်မယ်။ ပြီးတော့ မဲရုံတစ်ရုံက ထွက်လာတဲ့လူငယ် ၈ ဦးကို မေးမြန်းမယ်။ ပွင့်လင်းမြင်သာရဲ့လား၊ တာဝန်ခံမှုရှိလား အစရှိတာတွေ မေးမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် လူငယ် ငါးထောင်လောက်ကို မေးမြန်းဖို့ စီစဉ်ထားပါတယ်။”ဟု ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက မဇ္ဈိမသို့ ပြောကြားသည်။

ရန်ကုန်မြို့တွင် လုပ်အားပေးလူငယ် ၁၈၀ ဦးလိုအပ်ပြီး လက်ရှိတွင် ၆၀ဦးသာ စာရင်းလက်ခံရရှိ ထားသည်။ ယင်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူငယ် ၁၃၀၀ ဦးလိုအပ်ပြီး ၈၀၀ ဦး စာရင်းလက်ခံရရှိ၍ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရန်ကုန်တိုုင်း တို့တွင် လုပ်အားပေးလူငယ်များ လိုအပ်နေသေးသည်ဟု ၎င်းက ဆိုသည်။

လုပ်အားပေးလူငယ်များကို ရွေးကောက်ပွဲဆောင်ရန် ရှောင်ရန်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော အချက်အလက်များအားသိရှိစေရန် သင်တန်း ၁ ရက်ပေးပြီး၊ မဲရုံတစ်ရုံလျှင် မေးမြန်းမည့် လုပ်အားပေးလူငယ် ၂ ဦးနှုန်းထား တစ်မြို့နယ်လျှင်မဲရုံ နှစ်ရုံ (၄ ဦး) သာထားမည်ဟု ရန်ကုန်လူငယ်ကွန်ရက်ဝင် ကိုမျိုးဇော်က ပြောသည်။

စေတနာ့ ဝန်ထမ်းလူငယ်များသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဖြစ်ရ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှင့် ဆွေမျိုးတော်စပ်သူမဖြစ်ရ၊ မြန်မာစာကောင်းမွန်စွာ ရေးနိုင် ဖတ်နိုင်ရမည်ဟု ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...