၂ နှစ်အတွင်း အပြီးအကောင်အထည်ဖော်ဆောင်ရွက်မည့် ယင်း 'အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်း' မှ ပူတာအိုဒေသအတွင်း လျှပ်စစ်ဓာတ်အား (၃ ဒသမ ၂) မဂ္ဂါဝပ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းနှင့် ANDRITZ Hydro GmbH မှ Regional Director Mr. Martin Koubek တို့က အထက်နမ့်ထွမ်ရေအားလျှပ်စစ် စီမံကိန်းပစ္စည်းများလုပ်ငန်းအပ်နှံ ဝယ်ယူရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။
ANDRITZ HYDRO ကုမ္ပဏီနှင့် မြန်မာနိုင်ငံအကြား ၁၉၈၃ ခုမှစ၍ လုပ်ငန်းများဆောင်ရွက်နေခြင်း ဖြစ်ပြီး ကုမ္ပဏီဌာနေရုံးကိုမူ ရန်ကုန်မြို့တွင် ၂၀၁၃ ခု ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
၂၀၁၄ ခု နိုဝင်ဘာလကလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေး ဦးစီးဌာနနှင့် သြစတြီးယားနိုင်ငံ ANDRITZ Hydro GmbH တို့အကြား မန္တလေးတိုင်း၊ မြစ်ငယ်မြစ် ပေါ်တွင် တည်ဆောက်မည့် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းအတွက် MoU လက်မှတ်ထိုးခဲ့ကြသေး ကြောင်း အစိုးရသတင်းများအရ သိရသည်။
ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းသည် ကျောက်ဆည်ခရိုင်ရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံနှင့် ၁၂ မိုင်ကွာဝေးပြီး နှစ်ဖက်သဘောတူညီချက်အရ ANDRITZ Hydro က ၆၆ မဂ္ဂါ၀ပ်ဓာတ်အားစက်ရုံ တည်ဆောက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေအားလုံး၏ ၃၆ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားသုံးစွဲနေပြီး ကျန်သူများမှာ လျှပ်စစ်ဓာတ်အားမရှိဘဲ နေထိုင်ကြရ သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို ကိုးကား၍ Global New Light of Myanmar ၂၀၁၄ ခု နိုဝင်ဘာလ သတင်းတပုဒ် က ရေးသားထားသည်။







