အကတိမကင်းသည့် မဲများဖြင့် အနိုင်ယူခြင်းကြောင့် နိုင်ငံရေးအစွန်းအထင်းဖြစ်ခဲ့ခြင်းကို သင်ခန်းစာယူသင့်သည်ဟု (တ. စ. ည) ပါတီပြောဆို

အကတိမကင်းသည့် မဲများဖြင့် အနိုင်ယူခြင်းကြောင့် နိုင်ငံရေးအစွန်းအထင်းဖြစ်ခဲ့ခြင်းကို သင်ခန်းစာယူသင့်သည်ဟု (တ. စ. ည) ပါတီပြောဆို
by -
မဇ္ဈိမ
မြန်မာနိုင်ငံ၏ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများထဲမှ ဆိုးကျိုးဖြစ်စေခဲ့သည့် သင်ခန်းစာများကို နိုင်ငံရေးပါတီများက သင်ခန်းစာယူသင့်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ပါတီ (၂၇) နှစ်မြောက်အထိမ်းအမှတ်နေ့တွင် ပြောကြားခဲ့သည်။

“ပြည်သူကို အကြောက်တရားဖြစ်အောင် ဖန်တီးပြီး အကတိတရားမကင်းတဲ့ မဲတွေနဲ့ မနိုင်လဲနိုင်၊ နိုင်လဲနိုင်၊ ရှုံးလဲနိုင်ရမယ် ဆိုတဲ့ ဥပဒေလက်လွတ် လှည့်စားအနိုင်ယူလို့ နိုင်ငံရေးအစွန်းအထင်းဖြစ်ခဲ့ တာမျိုးတွေကို ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ သင်ခန်းစာယူရမယ်။”ဟု အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်တွင် စက်တင်ဘာ ၂၄ ရက်နေ့၌ ပြုလုပ်သည့် အထိမ်းအမှတ်နေ့တွင် ဗဟိုကော်မတီဝင် ဦးသိန်းထွန်းက ပြောကြားခဲ့သည်။

(တ.စ.ည) အနေဖြင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများ၊ နိုင်ငံရေးကျင့်ဝတ်များနှင့် သွေ ဖယ်ဆန့်ကျင့်ပြီး တရားမဲ့ပြုကျင့်မှုများရှိလာလျှင် မည်သည့် အဖွဲ့အစည်းကိုမဆို ကန့်ကွက်သွားမည်ဟု ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ မဲဆန္ဒရှင် ပြည်သူများနှင့်အတူ (တ.စ.ည) ပါတီက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးသန်းတင်က ပြောသည်။

လွတ်လပ်၊ မျှတ၊ ပွင့်လင်းမြင်သာ၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲမှတဆင့် ပြည်သူ့ကိုယ်စားပြု လွှတ်တော် အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒမျှော်မှန်းချက်များကို ကိုယ်စားပြု ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူများ၏ ဝေဖန်အကြံပြုမှုနှင့် အားပေး ထောက်ခံမှုများက အထောက်အပံ့ဖြစ်သည်ဟု ပါတီ၏ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

လာမည့်ရွေးကောက်ပွဲတွင် (တ.စ.ည) ပါတီမှ ပြည်သူ့လွှတ်တော် ၂၀၅ ဦး၊ အမျိုးသားလွှတ်တော် ၉၇ ဦး၊ ပြည်နယ်/ တိုင်း ၄၄၂ ဦး၊ တိုင်းရင်းသားလူမျိုးစုများကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ကိုယ်စားလှယ် (၇၅၆) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီးကိုယ်စားလှယ် ၈၅ ဦး ပါဝင်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...