သားငါးစျေးကွက် လှိုင်လှိုင်ထွက်ရန် မွေးမြူရေးစနစ် ပြောင်းဖို့ တိုက်တွန်း

သားငါးစျေးကွက် လှိုင်လှိုင်ထွက်ရန် မွေးမြူရေးစနစ် ပြောင်းဖို့ တိုက်တွန်း
by -
မဇ္ဈိမ
စျေးကွက်အတွင်း စျေးနှုန်း အလွန်ကြီးမြင့်နေသည့် ငါးရံ့၊ ငါးခူ၊ ငါးပြေမ များကို အခြားသော ပြည်ပနိုင်ငံများ တွင် အောင်အောင်မြင်မြင် မွေးမြူရောင်းချနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မမွေးမြူနိုင်သေးခြင်းကြောင့် မွေးမြူရေးစနစ် ပြောင်းလဲ ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က တိုက်တွန်းလိုက်သည်။

“စျေးလည်း သက်သာသွားမယ်။ အခုသဘာဝကိုပဲ အားပြုနေတော့ သဘာဝမှာ ဒီငါးတွေက ရှားနေပြီဆိုတော့ သူတို့ စျေးတွေ ကောင်းနေတယ်၊ ရှားနေတယ်။ ဒီဟာကို ပေါအောင်လုပ်ချင်ရင် မွေးမြူရေးကို ပြောင်းရမယ်။ သူတို့ကို အောင်အောင်မြင်မြင် ခေတ်မှီစနစ်နဲ့ မွေးနိုင်ရင် စျေးကွက်ထဲမှာ ရှားတာတို့ စျေးကြီးတာတို့ မဖြစ်နိုင်တော့ဘူး”ဟု ဦးဝင်းကြိုင်က ပြောသည်။

မြန်မာနိုင်ငံသည် သဘာဝ သံယံဇာတ ပေါသည့် နိုင်ငံဖြစ်သည်နှင့်အညီ သဘာဝထွက် ပစ္စည်းများကို မှီခိုလွန်းခြင်းကလည်း ကောင်း သည့် အလားအလာ မဟုတ်ဟု ဦးဝင်းကြိုင်က သတိပေးသည်။

“သဘာဝမှာ ငါးပုဇွန်တွေက ရှားစ ပြုလာပြီ။ ပင်လယ်ပြင်ရော အင်းအိုင် မြစ်ချောင်းတွေရော ရှားလာပြီ”ဟု ပြောသည်။ ကမ္ဘာတွင် ၁၉၅၆ ခုနှစ်မှ စတင်ခဲ့သည့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ငန်းသည် ၁၉၇၀ ခုနှစ်တွင် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအဖြစ် ပြောင်းလဲသွားခဲ့ သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ ငါးမွေးမြူရေး စီးပွားဖြစ်လုပ်ငန်းဟု တိတိပပ မရှိသေးဘဲ သဘာဝထွက်များကိုသာ အဓိက စားသုံးနေခဲ့ကြသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံအတွင်း ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လာခဲ့ ကြသော်လည်း ပိုမိုတိုးတက်အောင်နှင့် ပြည်တွင်း စားသုံးမှုဖူလုံပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ တိုးချဲ့မွေးမြူသင့်ကြောင်း ဦးဝင်းကြိုင်က အကြံပြုသည်။ “မြန်မာပြည်မှာ ငါးထဲမှာ အဓိက အကျဆုံးငါးက မွေးမြူရေး ငါးက စျေးကွက်မှာ အဓိက ဖြစ်လာတယ်။ စျေးကွက်ထဲမှာ ပုံမှန်ရှိတယ်။ ပုံမှန်စျေးကွက်ကိုလည်း ထောက်ပံပေးနိုင်တယ်။ နိုင်ငံက အများစု မှီခိုစားသောက်နိုင်တယ်။ သူ့ရဲ့ မွေးမြူရေးက ပုံမှန်ထုတ်လုပ်မှု ရှိနေတယ်ဆိုတဲ့ ကွင်းဆက်ကို အမှီပြုပြီး ပြည်ပကို ပို့ကုန်လုပ်ငန်းဆိုတာ ဖြစ်နေတာ”ဟု ဦးဝင်းကြိုင်က ပြောသည်။

ရွှေပိတောက် ငါးစျေးတွင် ငါး၊ ပုဇွန် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးယုလွင်ကလည်း ငါး၊ ပုဇွန် မွေးမြူရာတွင် ထုတ်လုပ်သည့် နည်းစနစ် စနစ်တကျဖြစ်ရန် လိုသည်ဟု သတိပေးသည်။ “ကုန်အဓိက ရောင်းတဲ့သူကနေ ကန်ဘက်ပိုင်း ဘယ်လိုဖော်ရမလဲ။ ဝယ်တဲ့သူက ဘယ်လိုရှိတယ်။ အဲနှစ်ကို နည်းနည်း ညီမျှအောင် လုပ်ပေးရမယ်”ဟု ပြောသည်။

ယခင်က မြန်မာနိုင်ငံသည် ရေထွက် သယံဇာတ ပေါများသည့်အတွက် သဘာဝအရ ငါးဖမ်းလုပ်ငန်း များမှ ရရှိသည့် ငါးများ စျေးကွက်တွင် နေရာယူခဲ့သည်။ သို့သော် ယခုအချိန်တွင် ရေထွက် သယံဇာတ ရှားပါးလာခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်များမှ ရေထွက်ကုန်များ စျေးကွက်ကို တဖြည်းဖြည်း လွှမ်းမိုးလာပြီဖြစ်သကဲ့သို့ နေစဉ်စားသုံးနေ သည့် ရေထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ငါးလုပ်ငန်းရှင်များက တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငါးမွေးကန် ဧက နှစ်သိန်းနှစ်သောင်းကျော်သာ ရှိသေးသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...